News

POST TYPE

BUSINESS

စံမမီ စားသုံးဆီများ ဖော်ထုတ် ဖမ်းဆီးရန် တိကျသည့် ညွှန်ကြားချက် ထုတ်မည်
06-Aug-2016 tagged as

ရန်ကုန်၊ ဩဂုတ် ၆

မြန်မာတစ်နိုင်ငံလုံးရှိ စံမမီ ဘေးအန္တရာယ်ရှိ စားသုံးဆီများ ဖော်ထုတ် ဖမ်းဆီးနိုင်ရန်အတွက် ဩဂုတ်လအတွင်း တရားဝင် တိကျသည့် ညွှန်ကြားချက် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းထံမှ သိရသည်။ 

“ခုနစ်လပိုင်း (ဇူလိုင်လ) ထဲမှာ စစ်ဆေးဖမ်းဆီးမယ် ဆိုပေမယ့် ဆေးဝါးကိစ္စတွေနဲ့ ရှုပ်နေလို့ပါ။ ဒီလထဲမှာတော့ FDA က အစည်းအဝေး ပြန်ခေါ်ပြီး လုပ်ကိုလုပ်ရမယ့် အချက်တွေကို တိတိကျကျ ညွှန်ကြားချက် ထုတ်ပါလိမ့်မယ်။ ဈေးတွေမှာ နားလည်အောင် အရင် ရှင်းပြီးမှ လုပ်သင့်တာလုပ်မှာပါ”ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဇူလိုင်လအတွင်း စံမမီ ဘေးအန္တရာယ်ရှိ တရားမဝင် စားသုံးဆီများကို  စစ်ဆေး ဖျက်ဆီးမည်ဟု ကြေညာခဲ့သော်လည်း မလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ယခု ဩဂုတ်လအတွင်း ပညာပေး ဆွေးနွေး စကားဝိုင်းများ ပြုလုပ်ကာ  ခိုင်မာသည့် အထောက်အထား မပြနိုင်သော ဆီများကို ဖမ်းဆီးခြင်း၊ သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း FDA ထံမှ သိရသည်။ 

ပြည်တွင်း၌ မှတ်ပုံတင် မထားသည့် မှောင်ခို လမ်းကြောင်းမှ ဝင်ရောက်နေသော စားသုံးဆီများ၊ လုပ်ငန်းတွင် အသုံးပြုပြီးဆီများ၊ အလွတ် ရောင်းချနေသည့် ဆီများ၊ ကိုယ့်သဘောနှင့်ကိုယ် ထုတ်လုပ်သည့် ဆီအမျိုးအစား တံဆိပ်ပေါင်း ၁၀၀ ဝန်းကျင်ရှိပြီး ယင်းစံမမီ ဆီများကို ပူးပေါင်းအဖွဲ့ ၁၀ ဖွဲ့ဖြစ်သည့် စားသုံးသူရေးရာ ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ၊ ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ FDA နှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းတို့က ပူးပေါင်းစစ်ဆေး ဖော်ထုတ်မည်ဖြစ်ကြောင်း ဆီစက်ပိုင်ရှင်များ အသင်းထံမှ သိရသည်။

  • VIA
  • TAGS