News

POST TYPE

BUSINESS

ဘတ်စ်ကား အများပိုင် ကုမ္ပဏီများ အများပြည်သူသို့ ရှယ်ယာ ရောင်းချရန် တင်ပြ မထားသေး
10-Jan-2017 tagged as


ရန်ကုန်၊ ဇန်နဝါရီ ၁၀ 

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်များကို အများပိုင် ယာဉ်လိုင်းများအဖြစ် အသစ်ပြောင်းလဲပြေးဆွဲမည့် အများပိုင် ဘတ်စ်ကား ကုမ္ပဏီများအနေနှင့် အများပြည်သူသို့ ရှယ်ယာရောင်းချရန် မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) သို့ တင်ပြထားခြင်း မရှိသေးကြေင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။

ယင်းဘတ်စ်ကား အများပိုင် ကုမ္ပဏီများ အနေနှင့် ယခင်ကမူ ကော်မရှင်ထံသို့ လာရောက် တင်ပြခြင်းမျိုးရှိပြီး အများပြည်သူသို့ ရှယ်ယာ ရောင်းချနိုင်ရန်အတွက် ကုမ္ပဏီ အရည်အချင်း ပြည့်မီခြင်း မရှိသေးကြောင်း SECM ၏ အဖွဲ့ဝင် ဒေါ်တင်မေဦးက ပြောကြားသည်။

“အခုထိတော့ ဘယ်ဘတ်စ်ကား အများပိုင်ကမှ အများပြည်သူကို ရှယ်ယာ ရောင်းဖို့ လာတင်ပြတဲ့ ကုမ္ပဏီ မရှိသေးဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ထံသို့ အများပြည်သူသို့ ရှယ်ယာ ရောင်းချရန် တင်ပြထားပြီး ရှယ်ယာများ ရောင်းချနေသည်မှာ ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီလီမီတက် (YBPC) တစ်ခုသာ ရှိသေးကြောင်း SECM ထံမှ သိရသည်။

အများပိုင် မော်တော်ယာဉ်လိုင်းအဖြစ် ပြေးဆွဲမည့် ကုမ္ပဏီအချို့က အများပြည်သူသို့ ရှယ်ယာ တစ်စုလျှင် ကျပ်တစ်သိန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကြေညာမှုများ ရှိသည်။

“အများပြည်သူကို ရှယ်ယာ ထုတ်ရောင်းဖို့တော့ ရှိတယ်။ ဒါပေမဲ့ အများပိုင် ကုမ္ပဏီတွေတောင် ပေါင်းစည်းဖို့ လုပ်နေတုန်းပဲ ရှိသေးတယ်”ဟု အများပိုင် ဘတ်စ်ကား ယာဉ်လိုင်း ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ ပြေးဆွဲနေသော မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(ဗဟို) လက်အောက်ရှိ ခရီးသည်တင် ယာဉ်များကို ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းမည်ဖြစ်ပြီး ဘတ်စ်ကား အများပိုင် ယာဉ်လိုင်းများ စတင် ပြေးဆွဲမည်ဖြစ်သည်။

  • TAGS