News

POST TYPE

BUSINESS

ဓာတုအနံ့သုံး စားဆီများ ရောနှော ရောင်းချခွင့် မပြုကြောင်း ကြေညာမည်
ရန်ကုန်၊ ဇန်န၀ါရီ ၅

ဓာတုအနံ့ပေးထားသည့် စားအုန်း ဆီ၊ ပြန်ကြော်ဆီ၊ တိရစ္ဆာန်ဆီ၊ မြေပဲဆီတုနှင့် နှမ်းဆီတုများကို ရောနှော ရောင်းချခွင့်မပြုဟု အမြန်ဆုံး ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံမှ သိရသည်။
 
စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ နှစ်ရပ် အစည်းအဝေးကို ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး အစိုးရရုံး ခန်းမတွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ရောနှော ရောင်းချခွင့် မပြုသည့် တားမြစ်ချက်ကို အမြန်ဆုံး လုပ်ဆောင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းဖြေရှင်းရေး အဖွဲ့ထံမှ သိရသည်။ 

“၀န်ကြီးက ဒီကိစ္စကို ချက်ချင်း လုပ်ခိုင်းတာပါ။ နောက်ပိုင်းမှ ပြစ်ဒဏ်ကို ဆက်ဆွေးနွေးမယ်။ လက်ရှိမှာက ပြင်းထန်စွာ သတိပေးတဲ့ အဆင့်နဲ့ပဲ ပြီးနေတာ”ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

မြေပဲဆီတုနှင့် နှမ်းဆီတု ထုတ်လုပ်ရောင်းချသူများကို ပထမအဆင့် ပြင်းထန်စွာ သတိပေးခြင်း၊ ဒုတိယအဆင့် ပစ္စည်းကို ဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်းနှင့် ဆက်လက်၍ လုပ်ငန်း လိုင်စင်ယာယီ သို့မဟုတ် ရာသက်ပန် ပိတ်သိမ်းခြင်း၊ နောက်ဆုံးအဆင့် ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် ကျပ်သိန်း ၅၀ အထိ ချမှတ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

ဓာတုမြေပဲဆီတုနှင့် နှမ်းဆီအနံ့များ ထည့်သွင်း ရောင်းချခြင်းကို စားသုံးသူ ကာကွယ်ပေးရေး ဥပဒေအရ ခွင့်မပြုကြောင်း၊ အစားအသောက် ဆေးဝါးကာကွယ်ရေး ဥပဒေပုဒ်မ ၂၂ အရလည်း တားမြစ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တာဝန်ခံ ဒေါက်တာ ဒေါ်ခင်စောလှက ပြောဆိုသည်။

J-11