News

POST TYPE

BUSINESS

အခွန်ရှောင်သည့် ကားအရောင်းပြခန်းများကို အရေးယူမည်
02-Jan-2017 tagged as


ရန်ကုန်၊ ဇန်န၀ါရီ ၂

အခွန်ပေးဆောင်ခြင်း မရှိသည့် မော်တော်ယာဉ် အရောင်းပြခန်းနှင့် စင်တာများကို နိုင်ငံပိုင်သတင်းစာများတွင် ကြေညာပြီး တရားစွဲဆို အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

လတ်တလော၌ အချို့သော မော်တော်ယာဉ် အရောင်းစင်တာများက အခွန် ပြန်လည် ပေးဆောင်ရန် တင်ပြမှုများ ရှိနေပြီး အခွန် မဆောင်သည့် အရောင်းစင်တာနှင့် ပြခန်း အရေအတွက်ကို အတိအကျ သိရှိစေရန် စိစစ် လုပ်ဆောင်နေကြောင်း ယင်းဌာနထံမှ သိရသည်။

“ကျွန်တော်တို့ သေချာ စိစစ်နေတယ်။ ဒီလို ပေးဆောင်ဖို့ ပြောနေတဲ့ကြားထဲမှာမှ လာမပေးဘဲ ပိတ်ထားတဲ့သူတွေကိုတော့ သတင်းစာထဲ ကြော်ငြာပြီး Action ယူဖို့ လုပ်ပါမယ်”ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ပြောဆိုသည်။

လတ်တလော အခွန်ပေးဆောင်ခြင်း မရှိသည့် အရောင်းစင်တာများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနထံသို့ ပြည်တွင်း အခွန်များ ဦးစီးဌာန၏ အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက်ပါရှိခြင်း မရှိပါက လုပ်ငန်းလိုင်စင်သက်တမ်း မတိုးပေးရန် အကြောင်း ကြားစာပေးပို့ထားပြီး စီးပွား/ကူးသန်းကလည်း သက်တမ်း တိုးခွင့် ပိတ်ပင်ထားကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာနထံမှ သိရသည်။

“တော်တော်များများက အခွန် ပေးဆောင်ဖို့ လုပ်နေကြပါပြီ။ တချို့ လုံးဝ ဆက်သွယ်လို့ မရတဲ့သူတွေလည်း ရှိတာပေါ့နော်။ တချို့ကတော့ မဆောင်ဘူးတော့ မဟုတ်ဘူး။ ငွေအဆင်မပြေလို့ ဆောင်ဖို့ ကြာနေတာမျိုးပေါ့နော်။ တချို့ကတော့ လုံးဝကို ပြေးတာပေါ့”ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမိုးကျော်စွာက ပြောဆိုသည်။

လတ်တလော၌ ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အခွန် ပေးဆောင်ခြင်း မရှိသည့် မော်တော်ယာဉ် အရောင်းစင်တာ ၈၈ ခုနှင့် အရောင်းပြခန်း တစ်ခုရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။


  • TAGS