News

POST TYPE

BUSINESS

ယူနိုက်တက် အမရဘဏ်က ထုတ်သည့် ငွေလွှဲစာတမ်းများကို ADB အာမခံမည်
03-Aug-2016

ရန်ကုန်၊ ဩဂုတ် ၃

ယူနိုက်တက် အမရဘဏ် (UAB) က ထုတ်ဝေသည့် ငွေလွှဲစာတမ်းများ (Letters of Credit) အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က အာမခံပေးရန် ယနေ့ (ဩဂုတ် ၃ ရက်)က နားလည်မှု စာခွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း UABထံမှ သိရသည်။

“UAB ဘဏ်က လုပ်ငန်းရှင် တစ်ဦးကို နိုင်ငံခြားငွေ ထုတ်ခွင့်စာ ပေးလိုက်တဲ့အချိန်မှာ အာမခံချက်၊ အတည်ပြုချက်ကို နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုခုက တောင်းခံလာရင် ADB က ထောက်ခံပေးမှာပါ”ဟု ယူနိုက်တက် အမရဘဏ်မှ Chief Business Officer ဒေါ်ကျော့ကေခိုင်က ပြောကြားသည်။

နိုင်ငံတကာနှင့် ကုန်သွယ်သည့်အခါ လိုအပ်သော ငွေလွှဲစာတမ်းများကို ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းရှင်နှင့် အခြားသော စီးပွားရေး လုပ်ငန်းရှင်များက အသုံးပြုနိုင်ပြီး ADB သို့ ဝန်ဆောင်ခ ပေးရမည်ဖြစ်ကြောင်း၊ ADB မှာ နိုင်ငံတကာ ဘဏ်ပေါင်း ၂၀၀ နှင့် ချိတ်ဆက်ထားသည့်အတွက် ဘဏ်အဆင့်ဆင့် ပြောင်းကာ ငွေလွှဲရခြင်းမှာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ငွေလွှဲစာတမ်း၏ သက်တမ်း တစ်ခုမှာ နှစ်လနှင့် သုံးလရှိပြီး လုပ်ငန်းရှင် တစ်ဦးမှာ ယင်းကာလ အပိုင်းအခြားအတွင်း ဘဏ်သို့ ငွေသွင်းကာ တစ်ဖက် လုပ်ငန်းရှင်သို့ ငွေလွှဲပေးရမည်ဖြစ်ကြောင်း၊ ငွေလွှဲစာတမ်း ပေးခြင်းမှာ ငွေပေးချေရခြင်း မဟုတ်ကြောင်း UAB ဘဏ်ထံမှ သိရသည်။

အဆိုပါ ငွေလွှဲစာတမ်းများဖြင့် ကုန်သွယ်မှုမှာ နိုင်ငံတကာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကပင် စတင် သုံးစွဲခဲ့ပြီး မြန်မာနိုင်ငံတွင် ယခုအချိန်မှ စတင်သည့် အခြေအနေများ ဖြစ်နေကြောင်း၊ ယင်းစာတမ်းကို သုံးစွဲခြင်းကြောင့် ADB က အာမခံ ပေးထားသည့်အတွက် လုပ်ငန်းရှင် အချင်းချင်း ယုံကြည်မှု ပိုရကာ ကုန်သွယ်မှုပိုင်း ကြန့်ကြာနေမှုများ မြန်ဆန်လာမည်ဖြစ်ကြောင်း ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် ဦးမြင့်ဌေးက ပြောကြားသည်။

ယူနိုက်တက် အမရဘဏ်က ထုတ်သော ငွေလွှဲစာတမ်းများအပေါ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသန်းအထိသာ ADB က အာမခံ ပေးမည်ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး ပိတ်ဆို့မှု ထိထားသည့် စီးပွားရေး လုပ်ငန်းများကိုမူ အာမခံချက် ပေးမည် မဟုတ်ကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)မှ Country Director ဖြစ်သူ Country Director က ပြောဆိုသည်။

  • VIA