POST TYPE

BUSINESS

ဒေါ်လာဈေးတက်ခြင်းနှင့် ပတ်သက်၍ UMFCCI က အစိုးရကို အကြံပြု
28-Dec-2016 tagged as

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ အကြံပေး ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်ကြီးများနှင့် ဆွေးနွေးထားသည့် အမေရိကန် ဒေါ်လာဈေး မြင့်တက်နေခြင်းနှင့် ပတ်သက်၍ အစိုးရထံသို့ ပေးပို့မည့် အကြံပြုချက်များကို ယင်းအသင်းချုပ်က ထုတ်ပြန်လိုက်သည်။

ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) အနေနှင့် နိုဝင်ဘာလ ၂၃ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၉ ရက်နေ့တို့တွင် အသင်းချုပ်၏ အကြံပေး ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်း၊ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် တွေ့ဆုံ၍ ဒေါ်လာဈေး မြင့်တက်နေခြင်းအခြေအနေ၊ အကြောင်းအရင်းများနှင့် တည်ငြိမ်စေရေးအတွက် လုပ်ဆောင်ရမည်များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာ့ကျပ်ငွေ တန်ဖိုးသည် ၂ဝ၁၆ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ဒေါ်လာလဲနှုန်း မြင့်တက်လာခြင်းကြောင့် မြန်မာ့ စီးပွားရေး ကဏ္ဍအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်စေကာ အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည့်အတွက် ငွေလဲနှုန်း ပြန်လည် တည်ငြိမ်လာစေရေးအတွက် ကုန်သည်/စက်မှု အသင်းချုပ်က အစိုးရထံသို့ အကြံပြု တိုက်တွန်းချက်များ အစီရင်ခံစာကို ပေးပို့မည် ဖြစ်ကြောင်း ယင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ဒီအတိုင်း ဆက်သွားမယ်ဆိုရင် သွင်းကုန် ဈေးနှုန်းတွေက မြင့်တက်သွားနိုင်တာပေါ့။ ပိုဆိုးတာက ဒီလို အတက်အကျတွေ များနေတာကြောင့် ပြည်ပက သွင်းလာတဲ့ ပစ္စည်းတွေကို ဘယ်လိုဈေးဖွင့်ပြီး ဘယ်လို ရောင်းရမလဲ မသိဖြစ်ပြီး အထွေထွေ ကုန်စည်ဈေးကွက်ပါ ကမောက်ကမ ဖြစ်သွားနိုင်တယ်”ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောဆိုသည်။ 

လက်ရှိ ဒေါ်လာဈေး မြင့်တက်နေခြင်းသည် မြန်မာ့ငွေကြေး ဈေးကွက်အတွင်း နိုင်ငံခြားငွေ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှု မြင့်မားနေခြင်းကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာကာ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။

ငွေလဲနှုန်း မြင့်တက်ခြင်း၏ အဓိက အကြောင်းအရင်းများမှာ ကုန်သွယ်မှု လိုငွေ မြင့်မားခြင်း၊ တရားမဝင် ငွေကြေးဈေးကွက် အားကောင်းနေခြင်းနှင့် ဒေါ်လာဈေး ကစားခြင်းများကြောင့် ဖြစ်သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေါ်လာဈေးသည် မော်တော်ယာဉ် တင်သွင်းခွင့်များ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြန်လည် ကျဆင်းခဲ့ရာမှ ပြန်လည် မြင့်တက်လာပြီး ဝယ်လိုအား ပြန်လည် မြင့်တက်လျက်ရှိကြောင်း  ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။

ထိုသို့ ကုန်သည်/စက်မှုအသင်းချုပ်၏ အကြံပြု အစီရင်ခံစာ ထုတ်ပြန်ခြင်းသည် ကောင်းမွန်သည့် သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။



S-04

  • TAGS