News

POST TYPE

BUSINESS

သွင်းကုန် အမျိုး ၁၅ဝ ကို လိုင်စင်လျှောက်ရန် မလိုဟု သတ်မှတ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်စည်လိုင်း ၄၁၃၈ လိုင်းအနက် ကုန်စည်လိုင်း ၁၅ဝ ကို သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုသည့် ကုန်စည်လိုင်းများအဖြစ် ဖြေလျှော့လိုက်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

အဆိုပါ ဖြေလျှော့လိုက်သည့် ကုန် စည်လိုင်း ၁၅ဝ မှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အကျုံးဝင်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ASEAN အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် WTO ၏ Agreement on Import Licensing Procedures အရ လည်းကောင်း၊ အာဆီယံနိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် လုပ်ငန်းများအရ လည်းကောင်း လိုက်လျောညီထွေ ဖြစ်စေရန်အတွက် သွင်းကုန်လိုင်စင်များကို ဖြေလျှော့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဒီဇင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်ပစ္စည်း အမည်စာရင်း ကို အခါအားလျော်စွာ စိစစ်ဆောင်ရွက်မည် ဖြစ်ပြီး ယခုဖြေလျှော့လိုက်သည့် ကုန်စည်များတွင် ကော်ဖီ၊ လက်ဖက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ၊ ရော်ဘာနှင့် ရော်ဘာ ဆက်စပ်ပစ္စည်းများ၊ အလူမီနီယမ်နှင့် ဆက်စပ်ပစ္စည်းများ၊ ခဲသတ္တုနှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ရထားစက်ခေါင်းများ နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များကို ပို့ကုန် ၁၅၂ မျိုးနှင့် သွင်းကုန် ၁၆၆ မျိုး တို့ကို လိုင်စင်လျှောက်ထားရန် မလိုဘဲ ကုန်သွယ်ခွင့် ပြုထားသဖြင့် ကုန်သွယ်မှုလုပ်ငန်း ပိုမိုမြန်ဆန်ပြီး ကုန်သွယ်မှုလိုငွေ ပြခြင်းကို လျှော့ချနိုင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။ 

J-11