News

POST TYPE

BUSINESS

ဒေါ်လာဈေး တစ်ပတ်အတွင်း ကျပ် ၆ဝ ကျော် ပြန်ကျ
23-Dec-2016 tagged as ဒေါ်လာဈေး


ရန်ကုန်၊ ဒီဇင်ဘာ၂၃

သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန် တင်ခဲ့သည့် ဒေါ်လာဈေးမှာ ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့ ဈေးပိတ်ချိန်တွင် ၁၃၇၅ ကျပ်သို့ တစ်ပတ်အတွင်း ၆၂ ကျပ် ပြန်ကျဆင်းသွားကြောင်း ငွေကြေး ဈေးကွက်အတွင်း စုံစမ်း သိရှိရသည်။

ယခုသီတင်းပတ်တွင် မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများ သတ်မှတ်ရက်ထက် စောပိတ်လိုက်သောကြောင့် ဈေးကွက်တွင်းဒေါ်လာ ပြန်လည် ရောင်းချမှု များပြားခြင်းနှင့် ဒေါ်လာ ဝယ်လိုအား ကျဆင်းသွားပြီး ဒေါ်လာဈေး ကျဆင်းသွားခြင်းဖြစ်ကြောင်း ပြင်ပ ဒေါ်လာဝယ်ရောင်း တစ်ဦးက ဆိုသည်။ 

မော်တော်ယာဉ် တင်သွင်းရန် ဒေါ်လာ ဝယ်ယူမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်တွင် ဒေါ်လာဈေး တစ်ရှိန်ထိုး မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာကို ၁၄၃၇ ကျပ်အထိ စံချိန်တင် ငွေလဲနှုန်း ဖြစ်ခဲ့သည်။

ဗဟိုဘဏ်၏ နိုင်ငံခြား ငွေလဲနှုန်း ရည်ညွှန်းနှုန်းမှာမူ ၁၃၇၅ ကျပ်ဖြင့် လေးရက် ဆက်တိုက် အပြောင်းအလဲ  မရှိဘဲ ပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပ ဈေးကွက်တွင် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှ စတင်ကာ ၁၄ဝဝ ကျပ်အောက်သို့ ဆက်တိုက် ဈေးကျဆင်းခဲ့သည်။

လက်ရှိ အစိုးရ လက်ထက်တွင် ဒေါ်လာ ငွေလဲနှုန်းမှာ အနိမ့်ဆုံး ၁၁၅၈ ကျပ်နှင့် အမြင့်ဆုံး ၁၄၃၇ ကျပ်အထိ ရှိခဲ့ပြီး မြန်မာကျပ်ငွေ တန်ဖိုး ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။

ဒေါ်လာ ငွေလဲနှုန်းမှာ ဒီဇင်ဘာလ၂၃ ရက် ညနေဈေးပိတ်ချိန်တွင် ပုဂ္ဂလိက ဘဏ်များ၌ ၁၃၇၇ မှ ၁၃၈ဝ ကျပ်၊ ငွေလဲ ကောင်တာများတွင် ၁၃၇၅ မှ ၁၃၇၈ ကျပ်နှင့် ပြင်ပ ဈေးကွက်တွင် ၁၃၇၅ ကျပ် ပေါက်ဈေး ရှိနေသည်။