News

POST TYPE

BUSINESS

အာဖရိကသို့ သုံးလအတွင်း ဆန်တန်ချိန် သုံးသိန်း တင်ပို့မည်
22-Dec-2016 tagged as ဆန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ပြည်တွင်း၌ ဆန်လက်ကျန်များသည့်အတွက် အာဖရိကနိုင်ငံများသို့ ဒီဇင်ဘာလမှ စတင်ကာ ၂ဝ၁၇ ခုနှစ် မတ်လအထိ ဧည့်မထဆန် ၂၅ မတ် အမျိုးအစား တန်ချိန်သုံးသိန်းကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“အဓိကကတော့ တရုတ်နိုင်ငံက အဖမ်းအဆီးများတယ် ဆိုရင် ပြည်တွင်းမှာ ဆန်တွေ ပုံနေပြီး ဆန်ဈေး ကျသွားတယ်။ ဆန်ဈေးကျရင် တောင်သူတွေ နစ်နာမယ်။ အာဖရိကနိုင်ငံ တော်တော်များများက အနိမ့်ဆုံးဆန် အမျိုးအစားကို ဝယ်တာများတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ယခုလအတွင်း တရုတ်နိုင်ငံ၏ မူဝါဒနှင့် အခွန်နှုန်းထား အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံမှ တင်ပို့နေသည့် ဆန်ဈေးကွက် အခြေအနေ မတည်မငြိမ် ဖြစ်ပေါ်ကာ ဆန်တင်ပို့မှု ပမာဏ အနည်းငယ် ကျဆင်းသွားသဖြင့် အခြားနိုင်ငံများသို့ ဈေးကွက် ထိုးဖောက်သည့် အနေနှင့် တင်ပို့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပြည်ပကို ဆန်တင်ပို့တာတွေ များလာရင် ပြည်တွင်းမှာလည်း အရောင်းအဝယ် ပိုလုပ်လာကြမယ်။ တောင်သူတွေအတွက် ပိုအကျိုးရှိတာပေါ့။ ဒီအချိန်ကတော့ စပါးပေါ်ပြီးသွားပြီ။ ဒါပေမဲ့  ဒီအတိုင်းဆိုရင် နွေစပါးဈေးတက်ဖို့ အလားအလာ ရှိပါတယ်'' ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။ 

အာဖရိကနိုင်ငံများသို့ ၂ဝ၁၁ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ဆန်တန်ချိန် နှစ်သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆန်တင်ပို့မှု ပမာဏ ကျဆင်းလာခြင်းကြောင့် ဈေးကွက်အသစ် ပြန်လည်ဖော်ဆောင်ခြင်း ဖြစ်ပြီး အာဖရိက နိုင်ငံများသို့ ဆန်တင်ပို့ရာတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃ဝဝ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တင်ပို့နေသည့်အပြင် အခြားနိုင်ငံများသို့လည်း ဈေးကွက်ထိုးဖောက်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“တရုတ်ကနေ ဆန်ဝယ်တာ နည်းနေတဲ့အချိန် ပင်လယ်ရေကြောင်းက တစ်ဆင့် ပြန်တင်ပို့မယ် ဆိုတော့ ကောင်းပါတယ်။ အခုငွေဈေး တက်တော့လည်း ပို့တဲ့သူတွေအတွက် ထိုက်သင့်တဲ့ အကျိုးရှိပါတယ်။ ဒါပေမဲ့ တင်ပို့ဖို့အတွက် နိုင်ငံခြားကုမ္ပဏီကို Trade တိုက်ရိုက်ပေးမယ်လို့ ကြားတယ်။ နိုင်ငံခြားကုမ္ပဏီကို တိုက်ရိုက်တော့ အခုချိန်မှာ မပေးသင့်သေးဘူးလို့ ထင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က သုံးသပ်ပြောဆိုသည်။ 

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှု ပမာဏမှာ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

J-11