POST TYPE

BUSINESS

အမေရိကန် ဒေါ်လာဈေး ကျပ် ၂ဝ ခန့် ပြန်တက်
20-Dec-2016 tagged as ဒေါ်လာဈေး

ရန်ကုန်၊ ဒီဇင်ဘာ ၂ဝ

အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမှာ တနင်္လာနေ့ (ဒီဇင်ဘာ ၁၉) တွင် ဈေးကျလာခဲ့ရာမှ ဒီဇင်ဘာလ ၂ဝ ရက်နေ့ အရောက်၌ တစ်ရက်တာ ကာလအတွင်း ကျပ် ၂ဝ ခန့်  ဈေးပြန်လည် တက်သွားကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဈေး ပြန်ကျချိန်က ပြင်ပ ဒေါ်လာပေါက်ဈေးမှာ တစ်ဒေါ်လာကို ၁၃၇၅ ကျပ်သာ ရှိခဲ့ပြီး ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ၁၃၉၅ ကျပ်သို့ ပြန်တက်သွားကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။

“ကားတင်သွင်းတာတွေ ရပ်လိုက်လို့ ဈေးက နည်းနည်း ပြန်ကျသွားပေမယ့် ကုန်ပစ္စည်း တင်သွင်းတဲ့သူတွေအတွက် ဒေါ်လာက လိုနေဦးမယ်။ အဝယ်လိုက်လာလို့ ဒေါ်လာဈေး ပြန်တက်လာတာ။ ဒီထဲမှာတော့ ဈေးကစားသူတွေ ရှိနေဦးမှာ။ ဈေးဝင်ကစားရင် ဈေးတွေ အတက် အကျ ကြမ်းကုန်လိမ့်မယ်”ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်း အကြံပေးအရာရှိ ဦးသန်းလွင်က ပြောကြားသည်။

တစ်ဒေါ်လာကို ၁၃၇၅ ကျပ်နီးပါး ဈေးကျဆင်းချိန်တွင် ဒီဇင်ဘာလ ၂ဝ ရက်နေ့၌ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၃၇၅ ကျပ်ဟု သတ်မှတ်လိုက်ခြင်းကြောင့် ပြင်ပ ဈေးကွက်တွင်ပါ ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း ပုဂ္ဂလိက ငွေလွှဲကောင်တာများထံမှ သိရသည်။

ဒေါ်လာဈေး အတက်အကျ ကြမ်းသောကြောင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ အနေနှင့် အခက်အခဲများ ဖြစ်ပေါ်နေပြီး တည်ငြိမ်သော ဈေးကွက်တစ်ခု လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောဆိုသည်။

အောက်တိုဘာ လလယ်မှစ၍ တရိပ်ရိပ် တက်လာသော ဒေါ်လာဈေးသည် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တစ်ဒေါ်လာ ၁၄၃၈ ကျပ်သို့ မြင့်တက်သွားပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ၁၃၇၅ ကျပ်အထိ ဈေးပြန်ကျခဲ့သည်။ 

J-13