News

POST TYPE

BUSINESS

SME လုပ်ငန်းရှင်များ ထောက်ပံ့ကြေး လျှောက်ထားနိုင်
10-Dec-2016

မန္တလေး၊ ဒီဇင်ဘာ ၁ဝ

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်ရှင်းများအသင်း (MRCCI) သို့ တရားဝင် အသင်းဝင်ထားသူ အသေးစား အလတ်စား လုပ်ငန်းရှင် (SME) များ အနေနှင့် ထောက်ပံ့ကြေး လာရောက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း MRCCI ထံမှ သိရသည်။

ယင်းထောက်ပံ့ငွေများမှာ KBZ ဘဏ်မှ MRCCI သို့ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်၍ လှူဒါန်းသည့် ငွေ ကျပ်သိန်း တစ်ထောင်ထဲမှ ထောက်ပံ့ခြင်းဖြစ်ပြီး အသေးစား အလတ်စားလုပ်ငန်း တစ်ခုလျှင် ကျပ်သိန်း တစ်ရာနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လျှောက်ထားလိုသူများ အနေနှင့် လုပ်ငန်း လိုင်စင်၊ လုပ်ငန်း စီမံချက်များ၊ အခွန်ဆောင် စာရွက်စာတမ်းများနှင့်တကွ လိုအပ်သည့် စာရွက်စာတမ်းများ တင်ပြ လျှောက်ထားနိုင်ကြောင်း၊ ယင်းသို့ လျှောက်ထားလာမှုများအပေါ် MRCCI မှ ဖွဲ့စည်းထားသည့် ကိုးဦး ကော်မတီက စိစစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း MRCCI ဒုတိယဥက္ကဋ္ဌ ဦးကျော်မင်းက ပြောကြားသည်။

“တစ်နိုင်ငံလုံးမှာ မန္တလေးတိုင်းကို ပထမဆုံးစတဲ့ အနေနဲ့ လုပ်တာဖြစ်ပါတယ်။ လုပ်ငန်းရှင်ကို သိန်းတစ်ရာ ထောက်ပံ့လိုက်တာနဲ့ သူ့လုပ်ငန်းက တကယ်ကို တိုးတက်သွားမယ်ပေါ့။ ဒါမျိုးတွေကို ထောက်ပံ့ပေးပြီးတာနဲ့ ဘဏ်ကရော၊ အသင်းကရော လိုအပ်တဲ့ အဆက်အသွယ်တွေ၊ ကွန်ရက်တွေ ချိတ်ဆက်နိုင်အောင်ပါ ကူညီပေးသွားမယ်။ MRCCI ရုံးမှာ လာရောက် လျှောက်ထားနိုင်ပါပြီ”ဟု ဦးကျော်မင်းက ရှင်းပြသည်။

အသေးစား အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ ထောက်ပံ့ငွေများကို ပြန်လည် ပေးဆပ်ရန် မလိုကြောင်း၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားလိုသူများ အနေနှင့် ရတနာပုံ ဆူပါစင်တာ လေးလွှာတွင် ဖွင့်လှစ်ထားသည့် MRCCI ရုံးတွင် လာရောက် လျှောက်ထားနိုင်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း (MRCCI) တွင် အသင်း ဝင်ထားသူ စုစုပေါင်း ၂၄ဝဝ ကျော်ရှိကြောင်း MRCCI တာဝန်ရှိသူက ပြောကြားသည်။

M-05

  • VIA