News

POST TYPE

BUSINESS

ဘဏ်ချေးငွေ အတိုးနှုန်း မြင့်၍ အခြား နိုင်ငံများနှင့် ဈေးကွက်ယှဉ်ရန်ခက်ဟုဆို
05-Dec-2016

ရန်ကုန်၊ ဒီဇင်ဘာ ၅

ဘဏ်ချေးငွေ အတိုးနှုန်း ကြီးမြင့်နေခြင်းကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်း ထုတ်လုပ်သူများသည် ပြည်ပ ထုတ်ကုန်များထက် ထုတ်လုပ်မှုစရိတ် ပိုမို ကုန်ကျပြီး ဈေးကွက် ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ ဘဏ်နှင့် ငွေကြေးစနစ် ဖွံ့ဖြိုးမှုသည် အခြား နိုင်ငံများထက် နောက်ကျနေခြင်းကြောင့် ပြည်ပ ပို့ကုန် ပိုမိုတင်ပို့နိုင်ရေးနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် နောက်ကျနေရကြောင်း ၎င်းကပြောဆိုသည်။

“လယ်ယာကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဓိက ငွေ မဝင်ဘူး။ လုပ်ငန်းအတွက် ထပ်ပြီး တိုးချဲ့ လုပ်ရမှာတွေအတွက် အရင်းအနှီး မရှိဘူး။ ဘဏ်တွေကလည်း အပေါင်ပစ္စည်းရှိမှ ငွေချေးလို့ ရတယ်”ဟု ၎င်းက ဆိုသည်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အပေါင်ပစ္စည်း မလိုဘဲ ဘဏ်ချေးငွေ ရရှိရန်အတွက် ပြည်တွင်းဘဏ်များအပြင် လက်ရှိ ခွင့်ပြုပေးထားသော နိုင်ငံခြားဘဏ်များထံမှ ဘဏ်ချေးငွေ ရရှိရန် အစိုးရက လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေါက်တာစိုးထွန်းက ပြောကြားသည်။

နိုင်ငံခြား ဘဏ်များနှင့် ချိတ်ဆက်ကာ လုပ်ဆောင်နေသော ပြည်တွင်းဘဏ်များတွင် အပေါင်ပစ္စည်းကို မှတ်ပုံတင်ထားရန် မလိုဘဲ နှစ်ဆင့်ချေးငွေများ (Two step Loan) ကို ပြည်တွင်းလုပ်ငန်းများက ချေးငွေ လျှောက်ထားနိုင်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ရှင်းပြသည်။

“တခြားနိုင်ငံတွေမှာလည်း ချေးငွေ အမျိုးအစားပေါ် မူတည်ပြီး ကျွန်တော်တို့ အတိုးနှုန်းထက် များတဲ့ဟာတွေလည်း ရှိပါတယ်။ ဒီမှာက ပြည်တွင်းဘဏ် အတိုးနှုန်းကို ဗဟိုဘဏ်က သတ်မှတ် ပေးထားတာလေ”ဟု ၎င်းက ပြောဆိုသည်။

အခြားနိုင်ငံများတွင် အတိုးနှုန်း အနည်းငယ်ဖြင့် ပေးသော ချေးငွေများမှာ လုပ်ငန်းရှင်နှင့် ဘဏ်ဆက်ဆံရေးပေါ် မူတည်ပြီး အထူး ချေးငွေအဖြစ် ချေးငွေ ချထားပေးခြင်းကြောင့် အတိုးနှုန်း လျော့နည်းခြင်းဖြစ်ကြောင်း ဦးသန်းချိုက ပြောကြားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်း စိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍတွင် အမေရိကန် ဒေါ်လာ ခုနစ်သန်းခန့် ဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဝင်ရောက်ခြင်း မရှိသေးသောကဏ္ဍ ဖြစ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

  • VIA