News

POST TYPE

BUSINESS

ရေထွက်ကုန်တင်ကွန်တိန်နာများကို ဦးစားပေးစနစ်ဖြင့် စိစစ်ပေးရန် တိုင်းအစိုးရထံတင်ပြ
ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရေထွက်ကုန်ပစ္စည်းများ တင်ဆောင်သည့် ကွန်တိန်နာ(ကုန်သေတ္တာ)များကို ဆိပ်ကမ်း၌ ဦးစားပေးစနစ်ဖြင့် စိစစ်ပေးရန် နိုဝင်ဘာလ ဒုတိယပတ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့်ပို့ကုန်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ 

"ဒီကွန်တိန်နာတွေ ညအချိန်မှာ စက်ရုံကနေ ဆိပ်ကမ်းကို သွားမယ်ဆိုရင် ဦးစားပေးစနစ်ပေးဖို့ရယ်၊ နောက် X-Rays ကို ဘယ်မှာဖြစ်ဖြစ် ဖြတ်ဖို့ရယ် တင်ပြထားတယ်။ အခုဦးပိုင်ဆိပ်ကမ်းမှာပဲ X-Rays ဖြတ်ရတယ်။ အေးရှားဝေါမှာ ကုန်သွားတင်တယ်ဆိုရင် အရမ်းအကုန် အကျ များတဲ့အတွက် ပထမဦးစားပေးအနေနဲ့ တင်ပြထားတယ်" ဟု ယင်းအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။ 

ပို့ကုန်အသင်းအနေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ အချက်သုံးချက်ဖြင့် တင်ပြထားခြင်းဖြစ်ပြီး ကွန်တိန်နာများကို ဦးစားပေးစနစ်ပေးခြင်း၊ X-Rays ကို မည်သည့်နေရာတွင်မဆို ဖြတ်ခွင့်ပေးရန်နှင့် ကွန်တိန်နာသင်္ဘော ဆိုက်ကပ်မည့် ဆိပ်ကမ်းများတွင် ပလပ် ထိုးခွင့် (ဓာတ်အားသုံးခွင့်) ပါရှိရမည်ဖြစ်ကာ ပလပ်ထိုးသော်လည်း အဆင်မပြေသည့် ကွန်တိန်နာများကို အရေးပေါ် ချက်ချင်း လဲလှယ်နိုင်မည့် အစီအစဉ် ပြုလုပ်ပေးရန် စသည့်သုံးချက် တင်ပြထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း၏ ထုတ်ပြန်ချက်အရ ကုန်သေတ္တာတင်ယာဉ်များ နိုဝင်ဘာလ ၁ ရက်နေ့မှစကာ ည ၉ နာရီ မှ နံနက် ၆ နာရီအတွင်းသာ ပြေးဆွဲရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းရှင်များက ဆောင်ရွက်ရာတွင် အခက် အခဲများရှိသည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထပ်မံ၍ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။