News

POST TYPE

BUSINESS

ကျောက်မျက် လိုင်စင်ရှိသူတိုင်း ပြည်ပ တင်ပို့ခွင့် ရရန် ညှိနှိုင်း
24-Nov-2016


ရန်ကုန်၊ နိုဝင်ဘာ ၂၄

ပြည်ပနိုင်ငံများသို့ စိန်၊ ရွှေနှင့် ကျောက်မျက်များ တရားဝင် တင်ပို့ခွင့် စတင် ခွင့်ပြုပါက လိုင်စင် ရှိသူတိုင်း ပို့ခွင့်ရရှိရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျောက် မျက်အသင်းများနှင့် ဆွေးနွေးညှိနှိုင်းနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ကျောက်စိမ်း၊ ကျောက်မျက်များကို နေပြည်တော် ကျောက်မျက်ပြပွဲမှတစ်ဆင့်သာ ပြည်ပ နိုင်ငံများသို့ ရောင်းချခွင့် ရှိသဖြင့် ယင်းကဲ့သို့ ပြည်ပသို့ လွတ်လွတ်လပ်လပ် တင်ပို့ခွင့်ပြုလျှင် ကျောက်မျက် ဈေးကွက်လည်း ပိုကောင်းလာမည် ဖြစ်သကဲ့သို့ နိုင်ငံအတွက်လည်း အခွန် ပိုရစေနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ 

“နိုင်ငံတကာ ကျောက်မျက်ပြပွဲတွေမှာ မြန်မာ ကျောက်မျက် ကုန်သည်တွေက ဝင်ပြီးပြသရင်တောင် ကျောက်မျက်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဝယ်တဲ့သူ ရှိတာတောင် မပို့နိုင်တဲ့ အနေအထားတွေ ရှိတယ်။ အခုဆို မူဆယ်ဘက်ကနေ တရုတ်ကို ကျောက်စိမ်း (အောက်ကျောက်)ပို့တဲ့ တချို့တွေမှာဆို လိုင်စင် မရှိတာမျိုးတွေ ရှိတယ်။ လိုင်စင်တွေနဲ့ လုပ်မယ်ဆို အခွန်တွေ ပိုရနိုင်တယ်”ဟု ၎င်းကဆိုသည်။

တရုတ်သာမက အခြားသော နိုင်ငံများသို့ လွတ်လွတ်လပ်လပ် တင်ပို့ခွင့်ပြုပါက အချောထည်ကို ဦးစားပေး တင်ပို့ရန် ဝန်ကြီးဌာနက တောင်းဆိုသော်လည်း နည်းပညာပိုင်း လိုအပ်ချက်များကြောင့် အချောထည်ကို ပြည်ပ ဈေးကွက်က အကြိုက် နည်းကြောင်း၊ ဈေးကွက် ပိုမို ကောင်းမွန်စေလိုပါက ကျောက်စိမ်း၊ ကျောက်မျက် အရိုင်းထည်များကိုလည်း ပို့ခွင့်ပြုသင့်ပြီး အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံနေခြင်းကိုပါ ဖြေလျှော့ ပေးသင့်ကြောင်း ကျောက်မျက် လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောဆိုသည်။ 

“လိုင်စင် လုပ်တာက မခက်ခဲပါ ဘူး။ ဈေးကွက် လိုအပ်ချက်သိပြီး ရောင်းခွင့် ဝယ်ခွင့် ပေးဖို့ပဲ လိုတယ်”ဟု ၎င်းက ဆိုသည်။


  • VIA