News

POST TYPE

BUSINESS

ကမ္ဘာတစ်ဝန်းတွင်ပြုလုပ်သည့် UHC Day မြန်မာတွင် ပထမဆုံးအကြိမ်ပြုလုပ်မည်
10-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

သက်ဆိုင်ရာနိုင်ငံအလိုက် အစိုးရက ပြည်သူများအပေါ် ကျန်းမာရေးဆိုင်ရာ ကတိကဝတ်ပေးထားခြင်းကို မမေ့လျော့စေရန် ကမ္ဘာတစ်ဝန်းတွင် UHC Day  (လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့) ကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

နိုင်ငံရေးနှင့်ပတ်သက်သူများအပါအဝင် အများပြည်သူက လူတိုင်းလက်လှမ်းမီစွာ ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်ရေးကို သိရှိနားလည်စေရန် UHC Day ကို ယခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“၂၀၃၀ မှာ လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရမှာပါ။ ဆရာတို့ လုပ်နေပါပြီ။ ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူ မည်သူမဆို သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ပါ” ဟု ဒေါက်တာထွန်းမြင့်က ဆိုသည်။

မြန်မာနိုင်ငံ၌ ၂၀၃၀ တွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိမည်ဟု အစိုးရနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူများက ကတိကဝတ်ပြုထားသည်။

ယခုနှစ် UHC Day  ဆောင်ပုဒ်မှာ Health for all: KEEP THE PROMISE  (လူတိုင်းအတွက် ကျန်းမာရေး၊ ထားတဲ့ ကတိတည်ကြည်ပေး) ဖြစ်သည်။
“ကျန်းမာရေးအတွက် အဓိကကတော့ ဟားခါးဆေးရုံကို အားကိုးကြတယ်။ အိမ်မှာလက်သည်နဲ့မွေးတာတွေ ခုထိရှိတုန်းပဲ။ အသက် ၁၆ နှစ်လောက်ဆို အိမ်ထောင်ပြုကြတယ်။ ပြီးရင်ကလေးအများကြီး မွေးကြတယ်။ ကလေးတစ်ယောက်တည်းမွေးတာ မရှိသလောက်ရှားတယ်။ အနည်းဆုံးက သုံးယောက်ပဲ” ဟု ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် နေထိုင်ခဲ့သည့် ဒေါ်မင်းသီရိမျိုးက ပြောပြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ၂၀၁၄ အချက်အလက်အရ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံတွင် ကိုယ်ဝန်ဆောင်မိခင် တစ်သိန်းတွင် ၂၀ ဦးသေဆုံးချိန်တွင် မြန်မာနိုင်ငံတွင် မိခင် ၂၈၂ ဦးသေဆုံးလျက်ရှိပြီး ရန်ကုန်တိုင်းနှင့် ချင်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှိုင်းယှဉ်လျှင် ချင်းပြည်နယ်တွင် မိခင်သေဆုံးမှု နှစ်ဆခန့် ပိုများသည်။

အေးသန္တာထွန်း



  • VIA