News

POST TYPE

BUSINESS

အရစ်ကျလုံးချင်းတိုက်တည်ဆောက်မှု လှိုင်သာယာနှင့် ဒဂုံမြို့သစ်တို့တွင် အများဆုံးဝင်ရောက်
09-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၉

ကနဦးပေးချေမှု ၃၀ ရာခိုင်နှုန်းဖြင့် ဆောက်လုပ်ပေးသည့် အရစ်ကျလုံးချင်းတိုက်တည်ဆောက်မှုတွင် လှိုင်သာယာနှင့် ဒဂုံမြို့သစ်မြို့နယ်များတွင် အများဆုံးဆောက်လုပ်လျက်ရှိကြောင်း Myanmar Art Construction မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးဟိန်းက ပြောကြားသည်။

“အရစ်ကျအိမ်တွေကို မြေပိုင်ဆိုင်မှုခိုင်မာတဲ့မြို့နယ်တွေမှာ ဆောက်လုပ်ကြတာများတော့ မြောက်ဒဂုံတို့၊ လှိုင်သာယာတို့ဘက်တွေမှာ ဆောက်လာကြတယ်။ ဈေးနှုန်းအနေနဲ့ သိန်း ၁၀၀၀ အောက်တွေများတယ်” ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရစ်ကျချေးငွေဖြင့် တိုက်ခန်းနှင့် လုံးချင်းအိမ်များ ရောင်းဝယ်မှုများရှိသော်လည်း အရစ်ကျဖြင့် ကိုယ်ပိုင်အိမ်တည်ဆောက်ခြင်းလုပ်ငန်းသည် ပထမဆုံးဈေးကွက်တစ်ခုဖြစ်ကြောင်း အဆိုပါဆောက်လုပ်ရေးထံမှ သိရသည်။

“ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပြီးဆောက်လုပ်တာက စရိတ်အနေနဲ့လည်း အများကြီးအကုန်ဘူး ဒါပေမဲ့ အာမခံချက်ဆိုရင် အများကြီးကွာခြားနိုင်တယ်။ လုံးချင်းတိုက်တွေမှာလည်း ဖောင်ဒေးရှင်ဘယ်လောက်တူးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိတဲ့အတွက် ကိုယ်နေမယ့်အိမ်အတွက် လုံခြုံမှုရှိတဲ့ ကန်ထရိုက်ကို လေ့လာပြီးမှဆောက်သင့်တယ်” ဟု အံထူးဆောက်လုပ်ရေးမှ မန်နေဂျာ ဦးဝင်းမင်းအောင်က ပြောဆိုသည်။

အအရစ်ကျစနစ်ဖြင့် ဆောက်လုပ်သည့် လုံးချင်းအိမ်ရာများသည် အာမခံချက်သက်တမ်း ၁၀ နှစ်ပေးထားပြီး အဆိုပါနှစ်အတွင်း ပျက်စီးမှုများကို ကုမ္ပဏီဘက်က တာဝန်ယူမှုများပေးလျက်ရှိကြောင်း အဆိုပါဆောက်လုပ်ရေးထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ခံနိုင်သည့်စနစ်ကို အထပ်မြင့်တိုက်များတွင် သတ်မှတ်ထားသော်လည်း လုံးချင်းတိုက်များတွင် တိကျသည့်သတ်မှတ်ချက်များမရှိသည့်အတွက် ဆောက်လုပ်သူများအနေဖြင့် ကျွမ်းကျင်သည့် ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများဖြင့် ဆောက်လုပ်ရန်လိုအပ်ကြောင်း ဦးကျော်စွာဟိန်းက ပြောကြားသည်။

ကိုယ်ပိုင်အိမ်ဆောက်လုပ်သူများအနေဖြင့် ဆောက်လုပ်သည့် အိမ်ပုံစံ drawing များအပြင် ရေမီးသွယ်တန်းမှုများအတွက် အသုံးပြုထားသည့် drawing များကိုလည်း တောင်းထားရန်လိုအပ်ပြီး အရေပေါ် ရေ၊ မီး ပြန်လည်သွယ်တန်းမှုများအတွက် အရေးပါကြောင်း Myanmar Art Construction ထံမှ သိရသည်။

အိမ်ဆောက်လုပ်ခြင်းတွင် ကန်ထရိုက်တိုက်ဆောက်လုပ်မှုကိုသာ သတ်မှတ်စံနှုန်းထားနှင့်မကိုက်ညီသည့် အခြေအနေတွင် တိုင်ကြားမှုများရှိသော်လည်း လုံးချင်းတိုက်ဆောက်လုပ်မှုကြောင့် ဖြစ်ပေါ်သည့် ပြဿနာများတွင် ဖြေရှင်းမှုအားချက်များရှိကြောင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်