News

POST TYPE

BUSINESS

မြန်မာ-တရုတ် ကုန်သွယ်မှုဆိုင်ရာအခက်အခဲများ ဖြေရှင်းဆောင်ရွက်ပေးမည်ဟုဆို
01-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ဒုတိယမြို့တော်ဝန် H.E. Mr. Dong Hua က ပြောကြားသည်။

ယူနန်ပြည်နယ်မှ ဒုတိယမြို့တော်ဝန် H.E. Mr. Dong Hua ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ နောက်ဆုံးအပတ်က ကုန်သည်စက်မှုအသင်းချုပ်သို့လာရောက်၍ အသင်းချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စက်မှုလက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။

ယခုလာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး၊ ဆက်သွယ်ရေးနှင့် လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်နိုင်ရေးတို့တွင် ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ရန် လာရောက်ခြင်းဖြစ်ပြီး ကုန်သွယ်မှုတွင်တွေ့ကြုံနေရသည့် အခက်အခဲများကိုလည်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယူနန်ပြည်နယ်မှ ဒုတိယမြို့တော်ဝန် H.E. Mr. Dong Hua က ပြောကြားသည်။

မြန်မာကုန်သည်များ၏ ပို့ကုန်များကို နယ်စပ်မှတစ်ဆင့်တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ မူဝါဒကန့်သတ်မှုအချို့ကြောင့် အခက်အခဲများရှိနေပြီး ယင်းအခက်အခဲများကိုလည်း ဖြေရှင်းပေးစေလိုကြောင်းနှင့် သို့မှသာနှစ်နိုင်ငံကုန်သွယ်မှုသည် ယခုထက်ပို၍ အဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်နှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

J-11