News

POST TYPE

BUSINESS

ကန်ဒေါ်လာ ၉ သိန်းအသုံးပြု၍ ကိုရီးယား အသက်မွေးဝမ်းကျောင်းစင်တာ ဖော်ဆောင်မည်
24-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၃

တောင်ကိုရီးယားနိုင်ငံ၊ ဂူမီမြို့တွင် အခြေစိုက်ဖွဲ့စည်းထားသည့် FLCM Foundation က အမေရိကန်ဒေါ်လာ ၉ သိန်း အသုံးပြု၍ ရန်ကုန်မြို့တွင် ကိုရီးယားအသက်မွေးဝမ်းကျောင်းစင်တာ (Korea Vocational Trainings Center) ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာနထံမှ သိရသည်။

Korea Vocational Trainings Center စီမံကိန်းကို အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ Korea Foundation For Life and Culture Movement (FLCM Foundation) တို့ပူးပေါင်း၍ ရန်ကုန်မြို့တွင်ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့က နေပြည်တော်ရုံးအမှတ် ၁၆ တွင် ပြုလုပ်ခဲ့သည်။

နားလည်မှုစာချွန်လွှာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်နှင့် FLCM Foundation မှ ကိုယ်စားလှယ်တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအရ ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင်ခဲ့ခြင်းမရှိသည့် လူငယ်လူရွယ်များကို ကိုရီးယားနည်းပညာဖြင့် သင်ကြားပေးမည့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာအတတ်ပညာများ လေ့လာသင်ယူခွင့်ရရှိစေမည်ဖြစ်ပြီး ကျွမ်းကျင်လုပ်သားများအဖြစ် အလုပ်အကိုင်ရရှိစေရန်နှင့် ကိုယ်ပိုင်အလုပ်ရုံ လုပ်ငန်းများတည် ထောင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ယင်းမျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် ကိုရီးယား အသက်မွေးဝမ်းကျောင်း စင်တာစီမံကိန်းသည် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

J-11