News

POST TYPE

BUSINESS

ကမ္ဘောဇဘဏ်က အိမ်ရာချေးငွေ အတိုးနှုန်းအစီအစဉ်သစ် ငါးခုစတင်
05-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၅

အတိုးနှုန်းသက်သာစွာဖြင့် ကိုယ်ပိုင်အိမ်ဝယ်ယူနိုင်ရန် ရည်ရွယ်သည့် အိမ်ရာချေးငွေ အစီအစဉ်သစ်ငါးမျိုးကို စတင်မိတ်ဆက်လိုက်ကြောင်း ကမ္ဘောဇဘဏ်ထံမှ သိရသည်။

အိမ်ရာချေးငွေ အစီအစဉ်သစ် ပုံစံအမျိုးမျိုးသည် အိမ်ပိုင်ဆိုင်လိုသူ တစ်ဦးချင်းဖြစ်စေ၊ အိမ်ထောင်ရှင်စုံတွဲဖြစ်စေ တိုက်ခန်း၊ ကွန်ဒိုနှင့် လုံးချင်းများဝယ်ယူရန် မိမိနှင့်သင့်တော်မှုအရှိဆုံး အိမ်ရာချေးငွေပုံစံကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

“အိမ်ရာချေးငွေ အစီအစဉ်သစ်တွေကနေ အိမ်ပိုင်ဆိုင်လိုသူတွေအတွက် အတိုးနှုန်းထားတွေကို သင့်တော်သလို အတိုးအလျှော့ ပြုလုပ်ပေးထားပြီး အတိုး၊ အရင်း ပုံမှန်သွင်းတဲ့သူတွေအတွက် အကျိုးခံစားခွင့်တွေရအောင် ကြိုးစားဆောင်ရွက်ပေးနေပါတယ်” ဟု ကမ္ဘောဇဘဏ် အိမ်ရာချေးငွေဌာနမှူး ဦးဌေးအောင်ကျော်က ပြောဆိုသည်။

ယခု မိတ်ဆက်လိုက်သည့် အိမ်ရာချေးငွေ အစီအစဉ်သစ်များ၏ ပင်မခံစားခွင့်မှ ကမ္ဘောဇဘဏ်က ၁၁ ရာခိုင်နှုန်းအထိ အထူးအတိုးနှုန်းများ ပေးအပ်လိုက်ခြင်းဖြစ်ပြီး အရောင်းမြှင့်တင်ရေး အထူးအတိုးနှုန်းများမှာ ချေးငွေရယူသူ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ၊ ပုံမှန်ဝင်ငွေနှင့် အသက်အရွယ်အပိုင်းအခြားတို့အလိုက် အကဲဖြတ်စစ်ဆေးပြီး ပေးအပ်သွားမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

သတ်မှတ်ရက်အတွင်း အတိုး၊ အရင်း မှန်မှန်ပေးသွင်းသော ချေးငွေရယူသူများအတွက် အိမ်ရာချေးငွေအတိုးနှုန်းကို ပထမတစ်နှစ်အတွင်း ၁၃ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ချေးငွေရယူသူက အတိုး၊ အရင်း မှန်မှန်ပေးသွင်းပါက နှစ်စဉ် သုည ဒသမ ၅ ရာခိုင်နှုန်းစီ လျော့ကျနိုင်ပြီး အနည်းဆုံး ၁၁ ရာခိုင်နှုန်းသာ အတိုးနှုန်းပေးသွင်းရသည်အထိ အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ထံမှ သိရသည်။

အိမ်ရာချေးငွေနှင့် တန်ဖိုးအချိုး (LTV) ဆိုသည်မှာ အိမ်ရာတန်ဖိုးကျသင့်ငွေအလိုက် ရယူသောချေးငွေပမာဏကို ဆိုလိုခြင်းဖြစ်ပြီး အိမ်ရာချေးငွေသည် တန်ဖိုးပေါက်ဈေး (အိမ်၊ ခြံ၊ မြေ အကဲဖြတ်လေ့လာသူများ သတ်မှတ်သည့် ရာဖြတ်တန်ဖိုး) ၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် ၆၀ ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း ၁၂ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ချေးငွေရယူသူမှ အတိုး၊ အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း ၁၁ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်ဖြစ်ပြီး အိမ်ရာချေးငွေသည် ရာဖြတ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း ၁၁ ရာခိုင်နှုန်းမှ စတင်ကောက်ခံသွားမည်ဖြစ်ကာ အနိမ့်ဆုံးချေးငွေတန်ဖိုး မြန်မာကျပ်ငွေသိန်း ၅၀၀ ရှိရမည့် ယခုအစီအစဉ်အတွက် အိမ်ရာဝယ်ယူလိုသော မည်သူမဆို လျှောက်ထားနိုင်မည်ဖြစ်ကြောင်း KBZ ဘဏ်ထံမှ သိရသည်။

လစဉ်ဝင်ငွေနှင့် ပေးသွင်းမှုအပေါ်မူတည်တွက်ချက်ခြင်း အစီအစဉ်သည် ချေးငွေရယူသူ၏ လစဉ်ပုံမှန်ဝင်ငွေနှင့် လစဉ် ချေးငွေပြန်လည် ပေးသွင်းရမည့်ပမာဏကို နှိုင်းယှဉ်တွက်ချက်ခြင်းဖြစ်ပြီး လစဉ်ချေးငွေပြန်လည်ပေးသွင်းရမည့် ပမာဏသည် ပုံမှန်ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း ၁၂ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ချေးငွေရယူသူမှ အတိုး၊ အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း ၁၁ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်ဖြစ်ပြီး လစဉ်ချေးငွေပြန်လည်ပေးသွင်းရမည့် ပမာဏသည် ပုံမှန်ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း ၁၁ ရာခိုင်နှုန်းမှ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

အနိမ့်ဆုံးချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း ၃၀၀ ရှိရမည့် ယခု အစီအစဉ်အတွက် ပုံမှန်ဝင်ငွေရှိသော လခစားဝန်ထမ်းများ၊ ကိုယ်ပိုင်လုပ်ငန်းရှင်များနှင့် Professional များ လျှောက်ထားနိုင်ပြီး လခစားဝန်ထမ်းများသည် မည်သည့်ဘဏ်တွင်မဆို payroll ဖြင့် လစာထုတ်ယူထားသည့် ပြေစာ (သို့မဟုတ်) အခွန်ပြေစာ တင်ပြနိုင်ရပါမည်ဖြစ်သည်။

ကိုယ်ပိုင်လုပ်ငန်းရှင်များအနေဖြင့် အရစ်ကျ ပေးသွင်းရမည့်ငွေပမာဏ၏ တစ်လစာကို ကြိုတင်ပေးသွင်းထားရမည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

လစဉ် အရစ်ကျပေးသွင်းရမည့်ငွေပမာဏကို ကြိုတင်ပေးသွင်းအပ်နှံထားခြင်းသည် ချေးငွေလျှောက်ထားသူများအနေဖြင့် လစဉ် အရစ်ကျပေးသွင်းရမည့်ငွေပမာဏ၏ နှစ်လစာကို ကြိုတင်ပေးသွင်းအပ်နှံထားမည်ဆိုပါက အထူးအတိုးနှုန်း ၁၂ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ပြီး ချေးငွေရယူသူက အတိုး၊ အရင်းမှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း ၁၁ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်ဖြစ်ကြောင်း KBZ ဘဏ်ထံမှ သိရသည်။

ပထမဦးဆုံးအကြိမ် အိမ်ရာချေးငွေရယူသော ကြင်စဦးဇနီးမောင်နှံများအတွက်ချေးငွေသည် ပထမသုံးနှစ်တွင် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းမှ စတင်ကောက်ခံသွားမည်ဖြစ်ပြီး ချေးငွေရယူထားသော ဇနီးမောင်နှံက အတိုး၊ အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း ၁၁ ရာခိုင်နှုန်း လျှော့ချ ကောက်ခံကာ အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း ၂၀၀ ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

အထက်ပါ အိမ်ရာချေးငွေ အစီအစဉ်များအားလုံးအတွက် မည်သည့်အခြေအနေတွင်မဆို လစဉ်အတိုး၊ အရင်း ပေးသွင်းရန် ပျက်ကွက်ပါက အတိုးနှုန်း ၁၃ ရာခိုင်နှုန်းအဖြစ် ပြန်လည်ပြောင်းလဲသွားမည်ဖြစ်ပြီး လစဉ်ပုံမှန် အတိုး၊ အရင်း ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ချေးငွေရယူသူများအနေဖြင့် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် တစ်နှစ်ပေးသွင်းပြီးပါက အထူးအတိုးနှုန်းများကို ပြန်လည်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း KBZ ထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်