News

POST TYPE

BUSINESS

တစ်ပတ်အတွင်း ဒေါ်လာပေါက်ဈေး ၁၅ ကျပ်ကျ
04-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၄

အမေရိကန်ဒေါ်လာဈေးနှုန်းသည် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ သီတင်းတစ်ပတ်အတွင်း ပြင်ပပေါက်ဈေး တစ်ဒေါ်လာလျှင် ၁၅ ကျပ်အထိ ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က အရောင်း တစ်ဒေါ်လာလျှင် ကျပ် ၁၅၃၃ ကျပ်နှင့် အဝယ် တစ်ဒေါ်လာလျှင် ၁၅၃၀ ကျပ် ရှိခဲ့ရာမှ နိုဝင်ဘာ ၄ ရက်နေ့ အရောင်း တစ်ဒေါ်လာ ကျပ် ၁၅၁၈ ကျပ်နှင့် အဝယ်တစ်ဒေါ်လာလျှင် ကျပ် ၁၅၁၅ ကျပ်အထိ ဈေးကျဆင်းခဲ့ကြောင်း ငွေလဲကောင်တာအချို့၏ စာရင်းများအရ သိရသည်။

“နိုဝင်ဘာဆို ကျလေ့ကျထရှိတယ်။ ပိတ်ရက်များပြီး ဝယ်လိုအားကျတဲ့ကာလမို့လို့လေ။ ထပ်ကျနိုင်သေးတယ်၊ ၁၅၁၀ လောက်အထိ ကျနိုင်တယ်” ဟု Myanmar Sunflower ငွေလဲကောင်တာမှ ဒါရိုက်တာ ကိုအတူးလေးက ပြောဆိုသည်။

တစ်ပတ်အတွင်း ဒေါ်လာဈေးနှုန်းများသည် အောက်တိုဘာ ၃၀ ရက်နေ့အရောင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၅၃၀ ကျပ်၊ အဝယ်တစ်ဒေါ်လာလျှင် ကျပ် ၁၅၂၈ ကျပ်၊ အောက်တိုဘာ ၃၁ ရက်နေ့အရောင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၅၂၈ ကျပ်၊ အဝယ်တစ်ဒေါ်လာလျှင် ကျပ် ၁၅၂၆ ကျပ်၊ နိုဝင်ဘာ ၁ ရက်နေ့ အရောင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၅၂၇ ကျပ်၊ အဝယ်တစ်ဒေါ်လာလျှင် ကျပ် ၁၅၂၃ ကျပ်၊ နိုဝင်ဘာ ၂ ရက်နေ့အရောင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၅၂၄ ကျပ်၊ အဝယ်တစ်ဒေါ်လာလျှင် ကျပ် ၁၅၂၀ ကျပ်အထိ တဖြည်းဖြည်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်ဈေးနှုန်းများအရ သိရသည်။

“ဒေါ်လာဈေး နည်းနည်းကျဆင်းသွားတာက အခုက ရွှေဈေးနည်းနည်းတက်တယ်။ လက်ရှိက ပွင့်လင်းရာသီဖြစ်တော့ ဆန်၊ ပဲ၊ ပြောင်းတို့ ဒါတွေ အရောင်းအဝယ်ပြန်သွက်လာတယ်။ အဲဒီအတွက် ဒေါ်လာဖက် ပြန်ငြိမ်သွားတဲ့သဘောပါ” ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ဒေါ်လာဈေးပြောင်းလဲမှုသည် နိုဝင်ဘာလအတွင်း နံနက်ခင်းဈေးအဖွင့်ဈေးနှင့် အပိတ်ဈေးများ၌ပါ တစ်ရက်လျှင် မြန်မာငွေ ၅ ကျပ်ဝန်းကျင်အထိ ကျဆင်းလျက်ရှိပြီး နိုဝင်ဘာလ ၄ ရက်နေ့ ညနေအထိ အရောင်းတွင် တစ်ဒေါ်လာ ၁၅၁၈ ကျပ်နှင့် အဝယ် တစ်ဒေါ်လာလျှင် ၁၅၁၅ ကျပ်အထိ ကျဆင်းခဲ့ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်