News

POST TYPE

BUSINESS

ကြံစိုက်တောင်သူများကို စိုက်ပျိုးသည်မှ ခုတ်သိမ်းသည်အထိ အစိုးရက နည်းပညာကူညီပေးမည်
06-Aug-2019

ရန်ကုန်၊ ဩဂုတ် ၅

လာမည့်ကြံရာသီတွင် သကြားထွက်သီးနှံဌာနခွဲလက်အောက်ရှိ သုတေသနနှင့် မျိုးသန့်ခြံများကထုတ်လုပ်သည့် ကြံမျိုးကောင်းမျိုးသန့်များ ဝယ်ယူအသုံးပြုမည့်တောင်သူများကို စိုက်ပျိုးသည်မှ ခုတ်သိမ်းသည်အထိ နည်းပညာအကူအညီပေးမည်ဖြစ်ကြောင်း သကြားထွက်သီးနှံ ဌာနခွဲထံမှ သိရသည်။

ကြံမျိုးကောင်းမျိုးသန့်များ ဝယ်ယူအသုံးပြုမည့်တောင်သူများကို စိုက်ပျိုးတောင်သူ၏ မြေနမူနာစစ်ဆေး၍ ကြံအတွက် ထည့်သွင်းရန်လိုအပ်သည့် မြေဩဇာနှုန်းထားများ ထောက်ခံချက်ပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုအပေါ် သင့်လျော်သည့်စိုက်ပျိုးနည်းစနစ်ကို လက်တွေ့ပြသစိုက်ပျိုးပေးခြင်း၊ မြေဩဇာ လေလွင့်မှုမရှိဘဲ အကျိုးရှိစွာအသုံးပြုနိုင်မည့် Slow Release မြေဩဇာထည့်သွင်း သုံးစွဲမှုကို ပြသပေးခြင်း စသည်များကို အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဌာနခွဲထံမှ သိရသည်။

“သူတို့က ဒေသအလိုက်ကို မျိုးခင်းတွေဖော်ပေးမှာ။ တောင်သူတွေရဲ့မျိုးတွေက ဟောင်းနေတာတွေ၊ အထွက်နှုန်းကျနေတာတွေကို ပြုပြင်ပြောင်းလဲဖို့ ကူညီပေးမှာ။ အဲဒီကျမှ သကြားဈေးကျတာကို အထွက်နှုန်းနဲ့ ပြန်ကာရမှာပေါ့” ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကြံရာသီသည် ယခင်က နိုဝင်ဘာလတွင် စတင်သော်လည်း ယခုနောက်ပိုင်းတွင် ရာသီဥတုအခြေအနေကြောင့် ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ပြီး ဧပြီလတွင် ကြံရာသီပြီးဆုံးကြောင်း ၎င်းကပြောဆိုသည်။

ထို့ပြင် ၁၀ ဧကနှင့်အထက် မျိုးဝယ်ယူစိုက်ပျိုးသည့် တောင်သူများကို ကြံစိုက်စက်ဖြင့် အခမဲ့စိုက်ပျိုးပေးမည်ဖြစ်ပြီး (ခြံတည်ရှိရာမြို့နယ်အတွင်းသာ၊ ထွန်စက်မပါ၊ ကြံစိုက်စက်သာ) စိုက်ပျိုးသည်မှ ခုတ်သိမ်းသည်အထိကိုလည်း နည်းပညာအကူအညီပေးမည်ဖြစ်ကြောင်း သကြားထွက်သီးနှံဌာနခွဲထံမှ သိရသည်။

အဆိုပါနည်းပညာအကူအညီပေးခြင်းများနှင့်ပတ်သက်၍ သကြားထွက် သီးနှံဌာနခွဲရုံးချုပ် ဒေါ်ခင်မြင့်ကြွယ် ဖုန်း ဝ၆၇- ၄၃၁၁၂၃၊ ဦးသိန်းဆွေဦး ဖုန်း ဝ၆၇- ၄၃၁၂၅၁ နှင့် သက်ဆိုင်ရာ ကြံခြံများ၊ တိုင်းဒေသကြီး၊ ပြည်နယ်စိုက်ပျိုးရေးရုံးများတွင်လည်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

J-11