POST TYPE

BUSINESS

အခွန်စီးပွားရေး
13-May-2019
မကြာသေမီးက ထူးထူးခြားခြား သတင်းတစ်ပုဒ် ဖတ်ရပါတယ်။ မိမိအနေနှင့်သာ ထူးထူးဆန်းဆန်းဟု ဆိုသော်လည်း အခြားသူများအတွက် ထူးဆန်းချင်မှ ထူးဆန်းမှာပါ။ ကြားနေကျ၊ မြင်နေကျ၊ သိနေကျ ဆိုပါကလည်း ထူးဆန်းတယ်လို့ မဆိုနိုင်ပါဘူး။ နောက်တစ်ခုက မိမိတို့အပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှု မရှိပါကလည်း ထူးဆန်းတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ဒါပေမဲ့ အောက်ခြေအဆင့် ရုန်းကန်နေရသူများ အတွက်တော့ ယခုသတင်းကို အံ့ဩမှင်တက်မိတာ အမှန်ပါပဲ။

သတင်းကတော့ မြန်မာ့စီးပွားရေး ထူးကဲစွာ နိုးထလာနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စီးပွားရေး အထူးအကြံပေး ရှောင်တာနယ်က ပြောဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြောဆိုတာတော့ သူ့သုံးသပ်ချက်၊ သူ့ယူဆချက်များဖြစ်လို့ ယင်းအပေါ် အမှား၊ အမှန် သုံးသပ်ခြင်းထက် အောက်ခြေ ပြည်သူများ လက်တွေ့ရင်ဆိုင်နေကြရမှု၊ ခံစားနေကြရမှု၊ ရုန်းကန်နေကြရမှုတွေကိုတော့ သိစေလိုပါတယ်။

တကယ်တော့ နိုင်ငံ့စီးပွားရေးဆိုတာ အိမ်တစ်အိမ်ရဲ့ စီးပွားရေး အကြီးစားလို့ မြင်ပါတယ်။ အိမ်မှာ အလုပ်လုပ်နိုင်သူဦးရေ၊ ထိုင်စားနေရသူ၊ ဝင်ငွေ၊ ထွက်ငွေ၊ ပိုငွေ၊ ချေးငွေ၊ ထောက်ပံ့ငွေ စတဲ့ခေါင်းစဉ်များ အောက်မှာပဲ လည်ပတ်နေကြရတာပါ။ မိမိတို့ အိမ်ထောင်ဦးစီးများဟာလည်း အဲဒီအတိုင်းပဲ မိသားစုဘဝတွေကို ဦးဆောင်နေကြရတာပါ။ တစ်ရက်ဝင်ငွေ၊ တစ်လဝင်ငွေ၊ တစ်နှစ်ဝင်ငွေတွေများရှိသလို နေ့စဉ်၊ လစဉ်၊ နှစ်စဉ်ထွက်ငွေများလည်း ရှိနေပါတယ်။ ပုံသေလစာဝင်ငွေသာရှိတဲ့ ဝန်ထမ်းတွေ၊ နေ့စားလုပ်သားတွေဆိုတာ အပိုဝင်ငွေ မရှိကြလို့ ထွက်ငွေကို အထူးစိစစ်ကြရပါတယ်။ ဒါ့အပြင် မဖြစ်မနေ သုံးကြရတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နေ့စဉ် စားသောက်စရိတ် ဆိုတာတွေထဲက လျော့တန်တာလျော့၊ ပိုတန်တာပို သုံးကြရပါတယ်။ များများသုံးနိုင်ဖို့ဆိုရင် များများငွေရှာရမှာကတော့ သေချာပြီးသားပါ။ ဝင်ငွေမရှိလို့ အငတ်နေကြလို့ အိမ်ထောင်ဦးစီးက ပြောလို့မရပါဘူး။ မိသားစုဝင်ဖျားနာနေလို့ ဆေးမကုဘဲလည်း ထိုင်ကြည့်နေလို့ မရပါဘူး။ ဒီလို မိသားစုအသုံးစရိတ် လောက်ငဖို့၊ ပိုလျှံဖို့၊ ချမ်းသာကြွယ်ဝဖို့ဆိုတာ အိမ်ထောင်ဦးစီးလုပ်သူရဲ့ ဦးစီးလုပ်ဆောင်နိုင်မှု၊ စီမံခန့်ခွဲမှုအပေါ်မှာ မူတည်နေပါတယ်။ လတ်တလော လိုအပ်ချက်အရဖြစ်စေ၊ လုပ်ငန်းအရင်းအနှီးအတွက်ဖြစ်စေ ခေတ္တငွေချေးသုံးလို့ အဆင်ပြေပေမယ့် ရေရှည်အတွက်ဆိုရင် ကိုယ်ပိုင် အပိုဝင်ငွေ ရှိမှကိုဖြစ်မှာပါ။ ဒီအတွက် ဝင်ငွေရရှိနိုင်မယ့်လုပ်ငန်းကို စဉ်းစားလုပ်ကိုင်ကြရပါလိမ့်မယ်။ ဒါဟာ မိသားစုတစ်ခုရဲ့ စီးပွားရေးဖြစ်စဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။

ယခုလည်း ဒီလိုပါပဲ။ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ဟာ နှစ်စဉ် လိုငွေပြဘတ်ဂျက် ဖြစ်နေတာပါ။ ဘတ်ဂျက်လိုငွေ ပြတယ်ဆိုတာက ဝင်ငွေထက် သုံးငွေ များနေလို့ဖြစ်ပါတယ်။ သုံးငွေဆိုတာမှာလည်း မဖြစ်မနေ လိုအပ်ချက်များအတွက်ကတော့ သုံးရမှာသေချာပါတယ်။ ဒီတော့ ဝင်ငွေ လိုအပ်ပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်ဖို့ဆိုရင် ဝင်ငွေရမယ့် ကုန်ထုတ်လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း နိုင်ငံရဲ့ ဝင်ငွေ တိုးတက်လာမှာပါ။ ဘဏ္ဍာရေး ကော်မရှင်ရဲ့ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက နိုင်ငံခြားသုံးငွေနဲ့သုံးစွဲမှုများကို ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်ကြရန်၊ နိုင်ငံခြားငွေနှင့် ရရှိသည့်ဝင်ငွေများ လျော့နည်းလာတာကြောင့် တတ်နိုင်သမျှ နိုင်ငံခြားသုံးငွေနှင့် သုံးစွဲမည့်အစား ပြည်တွင်းကျပ်ငွေဖြင့်သာ သုံးစွဲကြရန်၊ နိုင်ငံခြားငွေ ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် ဝင်ငွေတိုးတက်လာဖို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ စတဲ့ ကဏ္ဍအသီးသီးဟာ ရုန်းကန်နေရဆဲ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့က မြန်မာ့စီးပွားရေးဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်လို ခန့်မှန်းသုံးသပ် ပြောဆိုပေမယ့် မူဝါဒချမှတ်မှု၊ စီမံခန့်ခွဲမှု၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဟာ ပြုပြင်ပြောင်းလဲကြရဦးမှာပါ။ ဒါ့အပြင် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ရခိုင်ပြည်နယ် အရေးကိစ္စများဟာလည်း မြန်မာ့စီးပွားရေးအပေါ် တိုက်ရိုက်အားဖြင့်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကန့်အသတ်ဖြစ်နေဆဲပါ။ ဒီလို အခြေအနေတွေဟာ ပကတိစီးပွားရေး အခြေအနေများပဲ ဖြစ်ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ MSDP ချမှတ်အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။ အလားတူ ငွေရေးကြေးရေး၊ ဘဏ်စနစ်များကို ပြုပြင်ပြောင်းလဲလျက်ရှိပါတယ်။ စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အားနည်းမှုကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ရသည်မှာ မလွယ်ကူကြောင်း ဗီယက်နမ်သတင်းဌာနက မကြာသေးမီက ရေးသားဖော်ပြခဲ့တာကိုလည်း ဖတ်ရပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့လည်း ကုမ္ပဏီကြီးများအစ အသေးစား လုပ်ငန်းများအထိ လုပ်ကိုင်ရတာ  အခက်အခဲ များစွာရှိနေဆဲပါ။ အဆင့်များလွန်းတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကြိုးနီစနစ်တွေ၊ အဂတိ လိုက်စားမှုတွေ၊ အရင်းအနှီးရရှိမှု၊ ဈေးကွက်ရရှိမှုတွေဟာလည်း စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုကို အဟန့်အတား ဖြစ်နေဆဲပဲဖြစ်ပါတယ်။

နိုင်ငံစီးပွားရေး တိုးတက်လာဖို့၊ ရေရှည်တည်တံ့ဖို့ ဆောင်ရွက်ကြရမှာဖြစ်သလို လတ်တလော လိုအပ်ချက်ဖြစ်တဲ့ ပြည်သူများရဲ့ နေ့စဉ်ဘဝ ရပ်တည်နိုင်ရေးကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေပါတယ်။ ရေရှည် ပြောင်းလဲရမယ့်ကဏ္ဍများ ရှိသလို ရေတိုပြုပြင်ပေးရမယ့်ကဏ္ဍများလည်း ရှိနေပါတယ်။ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ အဓိက ဆောင်ရွက်ရမယ့်အပိုင်းမှာ အခွန်အကောက် ပြုပြင်ပြောင်းလဲရေးလို့ အကြံပေးပညာရှင်က ဆိုပါတယ်။ မြန်မာနိုင်ငံဟာ အာရှတွင်သာမက ကမ္ဘာပေါ်မှာ အခွန်ကောက်ခံမှု အနည်းဆုံးနိုင်ငံများထဲမှာ ပါဝင်ကြောင်း ဆိုပါတယ်။ အခွန်လျှော့ကောက်တဲ့နိုင်ငံများစာရင်းမှာ  မြန်မာနိုင်ငံအောက် ငါးနိုင်ငံသာ ရှိတော့ကြောင်း၊ ဒါကြောင့် အခွန်စနစ် တိုးတက်အောင်လုပ်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

အခွန်ပေးဆောင်ဖို့ဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီအတွက် ငြင်းဆိုစရာ မရှိပါဘူး။ လိုက်နာကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားတိုင်း အခွန်ပေးဆောင်ဖို့၊ နိုင်ငံတော်က အခွန်အပြည့်အဝရရှိဖို့ဆိုရာမှာ နိုင်ငံသားတွေရဲ့ ဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးများကိုလည်း ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ အခွန်ကောက်ခံရရှိမှုကို နိုင်ငံတကာနဲ့ နှိုင်းယှဉ်သလို နိုင်ငံသားတစ်ဦးချင်းရဲ့ဝင်ငွေ၊ အလုပ်အကိုင်ရရှိမှု စတဲ့အချက်များကိုလည်း နိုင်ငံတကာနဲ့ နှိုင်းယှဉ်ဖို့ လိုပါလိမ့်မယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံရဲ့ အခွန်အကောက်ရငွေနှင့် GDP အချိုးဟာ ၇ ဒသမ ၁ ရှိပါတယ် (Citizen Budget)။ ထိုင်းနိုင်ငံရဲ့ အခွန်အကောက်ရငွေနဲ့ GDP အချိုးဟာ ၁၄ ဒသမ ၈ ရှိပါတယ် (International Monetary Fund, Government Finance Statistics Yearbook and data files, and World Bank and OECD GDP estimates)။ မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့ အခွန်အကောက်ရငွေနဲ့ GDP အချိုးဟာ နှစ်ဆကျော်ကွာတာ တွေ့ရပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံရဲ့ Per Capita GDP ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၇ ခုနှစ်က Per Capita GDP မှာ အမေရိကန် ဒေါ်လာ ၁၄၈၄ ဒသမ ၂၀ ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ၂၀၁၇ Per Capita GDP က အမေရိကန် ဒေါ်လာ ၆၁၂၅ ဒသမ ၆၆ ရှိပါတယ်။ Per Capita GDP လေးဆကျော် ကွာနေတာ တွေ့ရပါတယ်။ တင်ပြလိုရင်းက နိုင်ငံသားများရဲ့ ဝင်ငွေရရှိမှု၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိမယ်ဆိုရင် အခွန်ငွေများလည်း တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ အခွန်ငွေဆောင်ရန်သည် နိုင်ငံသားများရဲ့ တာဝန်ဖြစ်သလို နိုင်ငံသားများအတွက် အလုပ်အကိုင် တိုးတက်ကောင်းမွန်လာအောင် နိုင်ငံတော်က ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်က ရသင့်ရထိုက်တဲ့အခွန်တွေ အပြည့်အဝ ရရှိဖို့အတွက် အခွန်တိမ်းရှောင်နေမှုတွေ၊ အဂတိလိုက်စားမှုတွေကို ပြန်လည် စိစစ်ကြရမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ အသေးစား အလတ်စားလုပ်ငန်းတွေ ကောင်းမွန်လာမယ်ဆိုရင် အခွန်ငွေများလည်း တိုးတက်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် အခွန်ထမ်း ပြည်သူတွေဟာ ဝင်ငွေနည်းပါးခြင်းနဲ့အတူ ကုန်ဈေးနှုန်း ကြီးမြင့်ဒဏ်ကို နေ့စဉ် ရင်ဆိုင်နေကြရတာကိုလည်း ထည့်သွင်းစဉ်းစားကြရမှာပါ။ ဒီလိုအချိန်မှာ မည်သို့မှ ရှောင်လွှဲမရတဲ့ အခွန်ထမ်း ပြည်သူများအပေါ် အခွန်ပြီးအခွန် ထပ်မံ တိုးမြှင့်လာခြင်းဟာ သူ့ဘက် ကိုယ့်ဘက် တာဝန်ယူမှု၊ တာဝန်ခံမှု လိုအပ်ချက်လို့ ယူဆမိပါတယ်။

အခွန်ထမ်းပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု ဥပမာတစ်ခုကို ဖော်ပြလိုပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းက မလှိုင်မြို့ဟာ မြို့ငယ်လေးတစ်မြို့သာ ဖြစ်ပါတယ်။ သာမန်အားဖြင့် မလှိုင်မြို့ဟာ စီးပွားရေးမြို့တစ်မြို့ မဟုတ်ပါဘူး။ ဒါပေမဲ့ မလှိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း Family Private School ရှိနေတာကြောင့် မလှိုင်မြို့ကို လာရောက်တဲ့ ဧည့်သည်ဦးရေဟာ လစဉ်၊  နှစ်စဉ် များပြားလှပါတယ်။ အဲဒီဧည့်သည်တွေ လာရောက်မှုကြောင့် မလှိုင်မြို့ရဲ့ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ၊ လက်လီလက်ကား ဆိုင်တွေသာမက ဆိုင်ကယ်ကယ်ရီအထိ အလုပ်အကိုင်များစွာ အဆင်ပြေတာကို တွေ့ရပါတယ်။ မြို့တစ်မြို့ရဲ့ ပညာရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပေမယ့် ယင်းနှင့်ဆက်စပ်ပြီး အခြားလုပ်ငန်းများလည်း ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဒေသတစ်ခုမှာ ပြည်သူများ အလုပ်အကိုင် ရရှိနိုင်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ စိုက်ပျိုးရေးတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို နိုင်ငံတော်က ဦးဆောင်၍ဖြစ်စေ၊ ကူညီအားပေးခြင်းဖြင့်ဖြစ်စေ ဆောင်ရွက်ပေးမယ်ဆိုရင် နိုင်ငံတော်က လိုအပ်နေတဲ့ အခွန်များလည်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် စီးပွားရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ရာမှာ မူဝါဒချမှတ်ခြင်း လုပ်ငန်းစဉ်ရဲ့ အခြေခံဖြစ်တဲ့ အခြေအနေမှန် သတင်းများရရှိမှသာ လက်တွေ့နှင့် ကိုက်ညီတဲ့မူဝါဒများ ဖြစ်လာနိုင်ပြီး ပြည်သူများရဲ့ဘဝ အရည်အသွေးတိုးမြှင့်ပေးဖို့နဲ့ နိုင်ငံသားများရဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယူဆမိပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

သိန်းထွန်း (IR)