News

POST TYPE

BUSINESS

အသားတိုးကြက်မွေးမြူသူများ အစုအဖွဲ့ ဖွဲ့စည်းရန်စီစဉ်
27-Apr-2019

ရန်ကုန်၊ ဧပြီ ၂၇

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Sustainable and Affordable Poultry for All (SAPA) စီမံကိန်းက အသားတိုးကြက် မွေးမြူသူများ အစုအဖွဲ့ (Broiler Farmers Club) ဖွဲ့စည်းနိုင်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့က မွေးမြူရေးအဖွဲ့ချုပ်တွင် ညှိနှိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။

မွေးမြူရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ SAPA စီမံကိန်းမှ Country Manager ဖြစ်သူ Ms.Esther Wintraecken ဦးဆောင်သည့် တာဝန်ရှိသူများနှင့် အသားတိုးကြက်မွေးမြူသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မွေးအဖွဲ့ချုပ်အနေနှင့် စိတ်ပါဝင်စားသည့် မွေးမြူရေးသမားများကို SAPA Broiler Production Standards များ ရှင်းလင်းတင်ပြမည့် ဟောပြောပွဲတစ်ခုကို မကြာမီ ပြုလုပ်သွားမည်ဖြစ်ပြီး ရှင်းလင်း တင်ပြပြီးပါက SAPA Broiler Production Standards ကို လိုက်နာကျင့်သုံးမည့် မွေးမြူသူများဖြင့် အသားတိုးကြက် မွေးမြူသူများ အစုအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်သည်။

SAPA စီမံကိန်းအနေနှင့် အသားတိုးကြက် အစုအဖွဲ့ဝင် မွေးမြူသူများက စံနှုန်းများနှင့်အညီ မွေးမြူထားသည့် အသားတိုးကြက်များကို တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီကြီးများကို ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။
 
ထို့ပြင် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် SAPA စီမံကိန်းတို့ပူးပေါင်းကာ အသားတိုးကြက် မွေးမြူသူများအတွက် လိုအပ်ချက်များ အကဲဖြတ်လေ့လာခြင်း သုတေသနလုပ်ငန်းတစ်ရပ်ကိုလည်း မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

SAPA စီမံကိန်းသည် နယ်သာလန် နိုင်ငံအစိုးရနှင့် DeHeus ကုမ္ပဏီတို့က Public Private Partnership (PPP) စနစ်ဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မြန်မာနိုင်ငံမှ ပြောင်းစိုက်ပျိုးသူများ၊ အသားတိုးကြက် မွေးမြူသူများကို နည်းပညာနှင့် ဈေးကွက်ချိတ်ဆက် ပံ့ပိုးပေးမှုများ ဆောင်ရွက်ပေးသည့် စီမံကိန်းတစ်ခုဖြစ်သည်။

J-11