News

POST TYPE

BUSINESS

တောင်သူများကို JICA ချေးငွေ ကျပ်သန်းရှစ်သောင်းကျော် ထုတ်ချေး
30-Mar-2019

ရန်ကုန်၊ မတ် ၃၀

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တောင်သူတစ်ဦးချင်းနှင့် တောင်သူအစုအဖွဲ့များကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဂျပန်နိုင်ငံမှ နှစ်ဆင့်ချေးငွေ (JICA Two Step Loan) ဖြင့် ၂၀၁၉ ခုနှစ် မတ်လကုန်အထိ ကျပ်သန်းရှစ်သောင်းကျော် ထုတ်ချေးထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

ကျပ်သန်းရှစ်သောင်းကျော်ကို မြို့နယ် ၁၅၄ ခုမှ တောင်သူ ၂၀၅၁ ဦးအတွက် ထုတ်ချေးပေးထားခြင်းဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

တောင်သူတစ်ဦးချင်းနှင့် တောင်သူအစုအဖွဲ့များကို ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့် စက်များဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် JICA ချေးငွေများကို ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ထုတ်ချေးပေးနေခြင်းဖြစ်သည်။

တောင်သူတစ်ဦးချင်းအတွက် အများဆုံးကျပ်သိန်း ၅၀၀၊ တောင်သူအစုအဖွဲ့တစ်ဖွဲ့အတွက် အများဆုံးကျပ်သိန်း ၅၀၀၀ အထိ သတ်မှတ်ထုတ်ချေးပေးလျက်ရှိကြောင်း ယင်းဘဏ်ထံမှ သိရသည်။

“ကြံစိုက်စက်ဝယ်ဖို့ ဒီဇင်ဘာလက ချေးငွေကျပ်သိန်း ၅၀ တင်လိုက်တာ။ ဒီမတ်လမှ အကြောင်းပြန်ပါတယ်။ တိုက်ခံအိမ်အာမခံနဲ့ ဧက ၅၀ အတွက် ပုံစံ ၇ လည်းပေးပါတယ်။ ကျပ်သိန်း ၅၀ တောင် ချေးရတာ ကြံ့ကြာနေတာတွေ ရှိတယ်” ဟု ကြံစိုက်တောင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ထုတ်ချေးထားသည့် ချေးငွေအရင်းကို ထုတ်ချေးသည့်နေ့မှစ၍ ထော်လာဂျီ၊ လက်တွန်းထွန်စက် ချေးငွေအတွက် သုံးနှစ်၊ သုံးရစ်၊ ယင်းစက်များမှအပ ကျန်ချေးငွေများအတွက် ငါးနှစ်၊ ငါးရစ်ပေးဆပ်ရမည်ဖြစ်ပြီး ငွေချေးလိုသူသည် ချေးငွေ၏ ၃၀ ရာခိုင်နှုန်းကို ယင်းဘဏ်တွင်စုဆောင်းရမည်ဖြစ်ကာ ၎င်း၏အမည်ပေါက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်းကိုလည်း ဘဏ်သို့အာမခံအဖြစ် တင်သွင်းရမည်ဖြစ်သည်။

ထို့ပြင် ငွေချေးယူလိုသူနှင့် ပူးတွဲအာမခံသူနှစ်ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံအဖြစ်တင်သွင်းရမည်ဖြစ်ပြီး ယခုမတ်လမှစတင်ကာချေးငွေရယူလိုသည့် တောင်သူများအနေဖြင့် မိမိတို့အမြဲတမ်းနေထိုင်ရာမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲနှင့် ဆက်သွယ်၍ ချေးငွေများကို လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း အမှတ် ၂၆/၄၂ ဖုန်း ၀၁- ၃၉၁၂၃၅၊ Fax ၀၁- ၃၈၁၇၀၃ တို့ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

J-11