News

POST TYPE

BUSINESS

မန္တလေးတွင် ပဲကြီးဈေးကျ
10-Mar-2019
မန္တလေး၊ မတ် ၁၀

မန္တလေးကုန်စည်ဈေးကွက်သို့ နယ်ဒေသများမှ ပဲကြီးဆက်တိုက်ဝင်လာသည့်အတွက် ယခုရက်ပိုင်းအတွင်း ပဲကြီးဈေးနှုန်းများကျဆင်းကြောင်း ပဲ၊ နှမ်းကုန်သည်ထံမှ သိရသည်။

ယင်းကုန်စည်ဈေးကွက်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းကထက် ပဲကြီး (ကြီး) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် တစ်သောင်းခွဲခန့်နှင့် ပဲကြီး (လတ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းခွဲခန့်ကျဆင်းပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း ယင်းကုန်သည်များက ဆိုသည်။

“ဝယ်လိုအားက နည်းပြီး ရောင်းလိုအားက ပိုနေတယ်။ အဝယ်သမားတွေကလည်း သိပ်မရမ်းကြဘဲ ထိန်းဝယ်နေကြတယ်။ ဈေးအကျကို စောင့်ဝယ်မယ့်သူကလည်း ချောင်းနေတယ်။ ဒီလိုအနေအထားမှာ ဈေးကျတတ်တာ ဖြစ်စဉ်တစ်ခုပါ”ဟု အောင်ကြည်ဝင်းပွဲရုံမှ ဦးရဲမိုးအောင်က ပြောကြားသည်။

မန္တလေးကုန်စည်ဒိုင်သို့ ပဲကြီးအဝင်များခြင်းအပြင် ပဲကြီးဝယ်ယူလိုသူ တရုတ်ဝယ်လက်နှင့် ပြည်တွင်းဝယ်လက်ရှားပါးသွားပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံဖြင့်သာ ရောင်းဝယ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြည်တွင်းထွက်ပဲများအနက် ပဲကြီးလက်ကျန်သည် အများဆုံးဖြစ်နေပြီး ဈေးကွက်အလားအလာမကောင်းဘဲ ပြည်ပဝယ်လိုအားကိုသာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပဲ၊ နှမ်းကုန်သည်များက သုံးသပ်ပြောကြားသည်။

လတ်တလော မန္တလေးကုန်စည်ဈေးကွက်အတွင်း ပဲကြီး (အသေးစ) သုံးတင်းဝင်တစ်အိတ်လျှင် အရွယ်အစားနှင့် အရောင်အပေါ်မူတည်၍ ကျပ် ၇၅,၀၀၀ မှ ၈၅,၀၀၀ အထိ၊ တရုတ်ပဲကြီး သုံးတင်းဝင် တစ်အိတ်လျှင် တစ်ပိဿာလျှင် ကျပ် ၁၄၀,၀၀၀၊ ပဲကြီး (ကြီး) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ နှင့် ပဲကြီး (လတ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

M-08




  • VIA