News

POST TYPE

BUSINESS

ဆန်တင်ပို့သူများစုဖွဲ့၍ စုပေါင်းရောင်းချသည့်စနစ် ဖော်ဆောင်ရန်ဆွေးနွေး
10-Mar-2019
ရန်ကုန်၊ မတ် ၁၀

ပြည်ပဆန်တင်ပို့သည့် လုပ်ငန်းရှင် (Exporter) များစုဖွဲ့၍ အစိုးရချင်း (G to G) တင်ပို့သည့်အစီအစဉ်အပါအဝင် စုပေါင်းရောင်းချသည့်စနစ်ဖော်ဆောင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွက် အခြေခံဈေးနှုန်းထုတ်ပြန်ကြေညာရန်၊ တရုတ်နိုင်ငံသို့ နယ်စပ်/ပုံမှန်လမ်းကြောင်းမှ ဆန်နှင့် ဆန်ကွဲတင်ပို့ရေးကိစ္စ၊ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် တရားဝင်ကိုတာ သတ်မှတ်ချက်ရရှိရေး၊ နယ်စပ်မှတင်ပို့နိုင်ရန်အတွက် အစိုးရဝန်ကြီးဌာနများသို့ တင်ပြထားမှုများကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်အခြမ်း၌ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ကာ လုံခြုံရေးတင်းကျပ်ထားသောကြောင့် မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်၊ ဆန်ကွဲအပါအဝင် အခြားကုန်စည်များ တရုတ်နိုင်ငံသို့တင်ပို့မှုကို ရပ်ဆိုင်းထားရခြင်းဖြစ်သည်။

“အခုအချိန်အထိ အခြေခံစပါးဈေးနှုန်းမသတ်မှတ်ရသေးတာရော၊ တရုတ်ကိုဆန်ပို့ဖို့ တရားဝင်ကိုတာရဖို့ရော၊ အသင်းချုပ်က တရုတ်ကိုသွားထားတဲ့အခြေအနေတွေကို ရှင်းလင်းဆွေးနွေးကြတာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အနိမ့်ဆုံးထားဈေးပေးဝယ်ယူရမည့် အခြေခံစပါးဈေးနှုန်းကို ကျပ်ငါးသိန်း သတ်မှတ်ပေးခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်အတွက်လည်း ထပ်မံသတ်မှတ်ရန် ဆောင်ရွက်နေခြင်းဖြစ်ကာ ယင်းအစည်းအဝေးတွင် ဆန်စက်လုပ်ငန်းများ မှတ်ပုံတင်ရေး၊ ဆန်စပါးအရည်အသွေး၊ စံချိန်စံညွှန်းကိစ္စ၊ အခြားဆန်စပါးဈေးကွက်ဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု လျော့နည်းသွားသောကြောင့် မြန်မာနိုင်ငံ၏ဆန်တင်ပို့မှုမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဆန်တန်ချိန်နှစ်သန်းကျော်သာ တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

J-11