News

POST TYPE

BUSINESS

နေပြည်တော်ကို နိုင်ငံခြား ခရီးသွားများ စိတ်မဝင်စားသေးဟုဆို
02-Nov-2016
ရန်ကုန်၊ နိုဝင်ဘာ ၁

ခရီးသွား ကုမ္ပဏီများအနေနှင့် Package Tour  ခရီးစဉ်များနှင့် Package Tour ခရီးစဉ်များ ရောင်းချရာတွင် နေပြည်တော်ကို ခရီးစဉ် တစ်ခုအဖြစ် ထည့်သွင်း ရောင်းချပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ထားသော်လည်း လက်ရှိတွင် အဆိုပါ ဒေသကို ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု မရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။

“မြန်မာနိုင်ငံရဲ့ အလှအပရှိတဲ့ ဒေသတွေကို Packing ရောင်းတဲ့အခါ နေပြည်တော်ကို ထည့်သွင်း ရောင်းချတယ်။ သို့သော် အခုအချိန်ထိ စိတ်ဝင်စားမှုရှိတဲ့ ခရီးသွား ဧည့်သည် တစ်ယောက်မှ မရှိသေးပါဘူး။ မေးမြန်းတာလည်း မရှိသေးပါဘူး”ဟု Nature Dream Travels & Tours ကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက Package Tour ခရီးစဉ်များ၊ Caravan Tour ခရီးစဉ်များတွင် နေပြည်တော်မြို့တော်ကို Green City Tour အဖြစ် ခရီးစဉ် ထည့်သွင်း ရေးဆွဲရန် အောက်တိုဘာလ ၂၇ ရက်က မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်းထံ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညွှန်ကြားချက်သည် ဝန်ကြီးဌာနက တရားဝင် လိုင်စင်ယူကာ လုပ်ကိုင်ခြင်း ဖြစ်သောကြောင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များ အနေနှင့် နေပြည်တော်ကို ခရီးစဉ်ဒေသ တစ်ခုအဖြစ် လုံးဝ ထည့်သွင်း ရောင်းချပေးရမည်ဟု သုံးသပ်ကြောင်း Nature Dream Travels & Tours ကုမ္ပဏီတာဝန်ရှိသူက ပြောကြား သည်။

ခရီးသွားဧည့်သည်များ နေပြည်တော် မြို့တော်ကို စိတ်ဝင်စားမှု ရှိရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အဆိုပါဒေသရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက်သင့် ပြီး စီးပွားရေး လုပ်ငန်းရှင်များ လာရောက်သည့် Metting Incentive Convention Exhibition MICE တွေ့ဆုံပွဲကို များစွာ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်း UMTA အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ပြောကြားသည်။
 
“ဒီဒေသကို ခရီးသွားတွေ စိတ်ဝင်စားအောင် အစိုးရအနေနှင့် ထောက်ပံ့မှုတွေ အများကြီးလုပ်ဖို့ လိုတယ်။ ဗီဇာ လျှော့ချတာပဲဖြစ်ဖြစ်၊ ရန်ကုန်ထက် ဈေး သက်သာတယ် ဆိုပေမယ့်လည်း ဟိုတယ် အခန်းခ လျှော့ပေါ့တာမျိုးဖြစ်ဖြစ် လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ အဓိကတော့ MICE တွေ့ဆုံပွဲတွေ များများ လုပ်ဖို့ လိုအပ်နေတယ် ဆိုတာပဲ”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်သည် ခရီးသွားရာသီ ဖြစ်၍ သာယာအေးချမ်းသည့် ဒေသများကို  နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လည်ပတ်မှုများရှိပြီး လိုအပ်သည့် အထောက်အပံ့များကို ဆောင်ရွက်မည်ဆိုပါက နေပြည်တော်ကို ခရီးသွားများ စိတ်ဝင်စားမှု ရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အနေနှင့် မြန်မာနိုင်ငံရှိ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ တနင်္သာရီ၊ မြိတ်ကျွန်းစုဒေသများကို စိတ်ဝင်စားမှုနှင့် လည်ပတ်မှုများ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။

နေပြည်တော်တွင် အခြေခံ လိုအပ်ချက်များဖြစ်သော ဟိုတယ်များ၊ လေ့လာ ကြည့်ရှုလည်ပတ်ရန် နေရာများ၊ အပန်း ဖြေရန် စိမ်းလန်းသာယာ လှပသော ဥယျာဉ်များဖြင့် Green City တစ်ခုအဖြစ် ဆောင်ရွက်ထားရှိပြီး နိုင်ငံတကာမှ လာရောက် လေ့လာနိုင်ရန် MICE Tournsim (ခရီးသွား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းရှင်) အနေနှင့်လည်း မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

Green City အဖြစ် ဆောင်ရွက်ထားသည့် နေပြည်တော်မြို့တော်ကို ခရီးသွား လုပ်ငန်းရှင်များ အနေနှင့် Package Tour ခရီးစဉ်များ၊ Caravan Tour  ခရီးစဉ်များ ရောင်းချရာတွင် အနည်းဆုံး တစ်ည အိပ်ခရီးစဉ်အဖြစ် ထည့်သွင်း ရေးဆွဲနိုင်ရန် ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့သည်။ 


  • VIA