News

POST TYPE

BUSINESS

ယာဉ်ဖြတ်သန်းခ ကောက်ခံသည့် ဇေကမ္ဘာကုမ္ပဏီကို သတိပေး ၊ မလိုက်နာပါက စည်ပင်ဥပဒေဖြင့် တရားစွဲမည်
18-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဇေကမ္ဘာဝင်းအတွင်းရှိ မင်္ဂလာဒုံ ဥယျာဉ်အိမ်ရာဂိတ်ပေါက် အပါအဝင် ဂိတ်ပေါက်ငါးခုတွင် မော်တော်ယာဉ် ဖြတ်သန်းခကောက်နေသည့် ဇေကမ္ဘာကုမ္ပဏီနှင့်ပတ်သက်၍ ယင်းကုမ္ပဏီဥက္ကဋ္ဌထံ သတိပေးတားမြစ်ပေးစာ ပို့ထားပြီးဖြစ်၍ မလိုက်နာပါက စည်ပင်သာယာဥပဒေဖြင့် တရားစွဲမည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“ဇေကမ္ဘာဝင်းက ယာဉ်ဖြတ်သန်းခ ကောက်ခံမှုက လွဲချော်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ နို့တစ်စာ ထုတ်ပေးပြီးပါပြီ။ နို့တစ်ရဲ့ ပြန်ကြားစာကိုစောင့်နေပါတယ်။ ပြန်ကြားစာလာလို့ ဆက်ပြီးကောက်မယ်ဆိုရင် စည်ပင်ဥပဒေနဲ့အညီ တရားစွဲပါမယ်”ဟု မြို့တော်ဝန်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေကကျင်းပသော ရန်ကုန်တိုင်းလွှတ်တော်တွင် မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးဇော်လွင်က “ရွှေပေါက်ကံ မြို့သစ်ရပ်ကွက်၏ အဓိကဝင်/ထွက်ပေါက်များ ဖြစ်သော ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ်၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာဂိတ်၊ အိုးအိမ်ဂိတ်နှင့် ညောင်ရမ်းလမ်းထိပ်ဂိတ်များတွင် ကားဖြတ်သန်းခ ငွေကြေးကောက်ခံနေမှုကို စစ်ဆေးတားမြစ်ရန် ရှိ၊ မရှိ”မေးခွန်းနှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ယာဉ်တစ်စီးကို အနည်းဆုံး နှစ်ရာနဲ့ငါးရာကြား ကောက်တယ်။ ဘောင်ချာစာရွက်လည်း မပေးဘူး။ စည်းကမ်းမဲ့ကောက်နေတာ”ဟု လွှတ်တော်ကိုယ်စားလှယ်ဦးဇော်လွင်က ပြောဆိုသည်။

အသစ်ရေးဆွဲထားသည့် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၃၁၄) အရ အခွန်အခများ စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ တားမြစ်ချက် ပုဒ်မခွဲ (က) ၌ မည်သူမျှ ကော်မတီက တာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့တော်နယ်နမိတ်အတွင်း စည်ပင်သာယာဆိုင်ရာ အခွန်၊ အခများ ကောက်ခံခြင်းမပြုရဟု ပြဋ္ဌာန်းထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ထပ်လောင်းပြောကြားသည်။

အလားတူ ဥပဒေပုဒ်မ (၉၇)၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) တွင် ယာဉ်များနှင့်သက်ဆိုင်သော ဘီးခွန်၊ ညအိပ်ခွန်၊ လမ်းအသုံးပြုခနှင့် ယာဉ်ရက်နားခများကို ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေနှင့်အညီ ကောက်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

J-17