News

POST TYPE

BUSINESS

တရုတ်သို့ တရားမဝင်အလုပ်သမားပို့သည့် အမျိုးသမီးကို ဖမ်းဆီးအမှုဖွင့်
17-Jan-2019
မုံရွာ၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သရက်ပင်ကျေးရွာမှ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ တရားမဝင်အလုပ်သမား ပို့ဆောင်မှုဖြင့် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးအမှုဖွင့်ထားကြောင်း ကနီမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ကနီမြို့ပေါ်အမှတ် ၂ ရပ်ကွက်၊ တောင်ပေါက်ကျေးရွာ၊ သစ်ခက်ကျေးရွာ၊ မင်းကင်းမြို့နှင့် ကလေးမြို့နယ်တို့မှ အမျိုးသမီးနှင့် အမျိုးသား ၄၆ ဦးအား တရုတ်သို့ ကြံခုတ်ရန်စေလွှတ်ပေးခဲ့သူ အသက် ၃၅ အရွယ် ဒေါ်ရီရီအောင်ကို (ပ) ၁၂/ ၂၀၁၉ ပြည်ပ အလုပ်အကိုင်ပုဒ်မ ၂၆ ဖြင့် ကနီမြို့မစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက ကနီမြို့သို့ တရုတ်အလုပ်ရှင်နှင့် ဒေါ်ရီရီအောင်တို့က လာရောက်ပြီး တရုတ်နိုင်ငံတွင် ကြံခုတ်လုပ်သား လိုအပ်သည်ဟုဆိုကာ လူ ၄၆ ဦးကို စည်းရုံးခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့အနက်မှ သားဖြစ်သူသည် အဆင်မပြေ၍ ငွေငါးသောင်းပေးကာ ပြန်လာရာ ကျန် ၄၅ ဦးမှာလည်း အလုပ်မရတော့ဘဲ ထမင်းစားရန်ခက်ခဲခြင်း၊ မှတ်ပုံတင်နှင့် ယာယီကတ်ပြားများ သိမ်းဆည်းခံရကာ အခက်အခဲဖြစ်ပေါ်နေခြင်းတို့ကြောင့် ယခုကဲ့သို့ အမှုဖွင့်ခဲ့ရခြင်းဖြစ်ကြောင်း ကနီမြို့နယ်၊ တောင်ပေါက်ရွာမှ ကြံခုတ်အလုပ်သမား ကိုဆန်းမင်းအောင်၏ဖခင်ဖြစ်သူ ဦးတင်လှိုင်က ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်ကို စစ်တိုင်းတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့ထံတင်ပြခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပြီး ကြံခုတ်အလုပ်သမားများ နေရပ်ပြန်လာနိုင်ရေးကို ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်ဟုသိရှိရကြောင်း ယင်းအရေးလိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကနီမြို့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှတာဝန်ခံ ဦးဝင်းဇော်ခိုင်က ပြောဆိုသည်။

R-08