News

POST TYPE

BUSINESS

CHDBဘဏ်မှ သုံးနှစ်အတွင်း ကျပ် ၉၇ ဘီလီယံထိ ထုတ်ချေးဟုဆို
26-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၂၅

အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူလိုသူများနှင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများကို ဆောက်လုပ်ရေးနှင့်  အိမ်ရာဖွံ့ဖြိုးရေးဘဏ်က စတင်တည် ထောင်ခဲ့ချိန်မှ ယခုအချိန်ထိ သုံးနှစ်တာ ကာလအတွင်း ထုတ်ချေးထားသည့် ချေးငွေပမာဏမှာ ကျပ် ၉၇ ဘီလီယံထိ ရှိနေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ထံမှ သိရှိရသည်။

ယခုလက်ရှိတွင် CHDB ဘဏ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင် ၂၀၀ ကျော်ကို ဘီလီယံ ၉၀ ခန့် ထုတ်ချေးထားပြီး  အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်သူ ၅၀၀ ကျော်ကို ခုနစ်ဘီလီယံထုတ်ချေးထားပြီး ဖြစ်ကြောင်း၊ အိမ်ရာဝယ်ယူသူများအ တွက် ချေးငွေသက်တမ်းကို ရှစ်နှစ်အထိ  သတ်မှတ်ထားပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို တစ်နှစ်သက်တမ်းနှင့် ထပ်တိုး တစ်နှစ်သက်တမ်း သတ်မှတ်ထားကြောင်း CHDB ဘဏ်ထံမှ သိရှိရသည်။

"ဘဏ်စတင်တည်ထောင်ကတည်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အရစ်ကျစနစ်နဲ့ အိမ်ရာတွေကို ဝယ်ယူနိုင်ဖို့ ဖွင့်လှစ်ထားတာပါ။ ချေးငွေယူချင်သူရဲ့ ဝင်ငွေ၊ Profile ကိုကြည့်ပြီး ထုတ်ချေးတာပါ။ ချေးငွေယူသူတွေကို ဘဏ်ဝန်ဆောင်ခက တစ်ရာခိုင်နှုန်း၊ အတိုး နှုန်း ၁၂ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်" ဟု ဦးဝင်းဇော်က ဆိုသည်။

ယခင်က လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို လေးနှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ယခုအခါ CHDB ဘဏ်တွင် အိမ်ရာဝယ်ယူရန် လစဉ် ငွေစုသူများအနေနှင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း စုငွေရှိပါက ကျန်ငွေများကို ဘဏ်မှ နှစ် ရှည်ချေးငွေ ရှစ်နှစ်အရစ်ကျဖြင့် ဝယ်ယူခွင့် ရရှိမည်ဖြစ်ပြီး လာမည့်နှစ်တွင် ၁၅ နှစ်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်စေရန်  စီစဉ်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ယခုလက်ရှိတွင် CHDB ဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ ၇၀၀၀ ကျော်ခန့်ရှိပြီး ယခုနှစ် နိုဝင်ဘာလ တွင် သိန်း ၁၂၀ နှင့် သိန်း ၉၀ ကြားရှိ တိုက်ခန်းများကို CHDB ဘဏ်တွင် ငွေစုသူများကို ရှစ်နှစ်အရစ်ကျဖြင့် နိုဝင်ဘာလတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရှိရသည်။

" အခု လက်ရှိ CHDB ဘဏ်မှာ အိမ်ရာဝယ်ဖို့ ငွေစုထားတာ ၃၀ ရာခိုင် နှုန်းပြည့်လို့ နိုဝင်ဘာလမှာ ရောင်းချမယ့်  တိုက်ခန်း နေရာတွေကိုတောင် ရွေးဖို့ ပြောထားတယ်။ သိန်း ၁၀၀ ဝန်းကျင် တိုက်ခန်းတွေကို ၃၀ ရာခိုင်နှုန်း အရင်စုထားပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ရှစ်နှစ်အရစ်ကျ ဘဏ်က ထုတ်ချေးမှာဆိုတော့  တစ်လကို တစ်သိန်းတစ်သောင်းလောက်ပဲ ဆပ်ရမှာဆိုတဲ့အတွက် အိမ်ငှားခလောက်ပဲ ရှိတော့ အဆင်ပြေပါတယ်" ဟု CHDB ဘဏ်တွင် ငွေစုထားသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မရွှေရည်က ဆိုသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ် (CHDB) ဘဏ်ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလက ဖွင့်လှစ်ခဲ့ပြီး  ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ်ခွဲ လေးခု၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မော်လမြိုင်မြို့နှင့် ပုသိမ်မြို့တို့တွင် ဘဏ်ခွဲတစ်ခုစီ ဖွင့်လှစ်ထား သည်။ 


  • VIA