News

POST TYPE

BUSINESS

ဒေါ်လာဈေး တက်ခြင်းနှင့် ပြည်ပဈေး တက်ခြင်းကြောင့် စက်သုံးဆီ ဈေးတက်ဟုဆို
24-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၂၄

ယခင်လ ဈေးနှုန်းထက် စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၁ဝဝ ဝန်းကျင် မြင့်တက်နေခြင်းမှာ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်ခြင်းနှင့် စင်ကာပူနိုင်ငံမှ တင်သွင်း ရောင်းချသည့် စက်သုံးဆီဈေး မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင် လုပ်ငန်းရှင်များက ပြောကြားသည်။

ပြည်တွင်းတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်မှု မရှိဘဲ ဈေးနှုန်း အပြောင်းအလဲများကာ လဲလှယ်သော နှုန်းထားမြင့် တက်နေခြင်းနှင့် ပြည်တွင်း စက်သုံးဆီ ဈေးကွက်သို့ တင်သွင်း ရောင်းချသော စင်ကာပူနိုင်ငံမှ စက်သုံးဆီဈေးနှုန်း (Mops Price) သည် ယခင်က တစ်လီတာလျှင် ဒေါ်လာ ၅ဝ- ၅၅ ကြား ရှိသော်လည်း ယခုအခါတွင် တစ်လီတာလျှင် ဒေါ်လာ ၆ဝ-၇၂ အထိ ဈေးတက်လျက်ရှိကြောင်း Max Energy မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ 

“အဓိကက ကမ္ဘာ့ရေနံစိမ်းဈေး တက်တာကျတာနဲ့ မဆိုင်ဘူး။ ပြည်တွင်းက ကုမ္ပဏီ အကုန်လုံးက စင်ကာပူကပဲ သွင်းကြတာ။ Mops Price တက်တာနဲ့ ဒေါ်လာဈေး တက်လို့ပါ”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ ပြန်လည် ကျဆင်းရန် ကြန့်ကြာခြင်းမှာ ပြည်တွင်း ကုမ္ပဏီများက အမြင့်ဈေးဖြင့် ဝယ်ယူထားသည့် စက်သုံးဆီများကို ရောင်းချခြင်းဖြစ်ပြီး အကျဈေးဖြင့် ဝယ်ယူသည့် အချိန်တွင် ပြန်လည် ဈေးချပေးလျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

“ကျွန်တော်တို့က ပြန်မချပေးတာ မဟုတ်ပါဘူး။ သုံးစွဲသူတွေရဲ့ ကားထဲကို ဆီထည့်ဖို့အတွက် တခြား အထွေထွေ ကုန်ကျစရိတ်တွေ အများကြီး ရှိပါတယ်။ ပြီးတော့ နိုင်ငံခြားကနေ တင်သွင်းရတာ ဖြစ်တဲ့အတွက် ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးတော့ အကြွေးစနစ်ရော၊ ကြိုတင်ငွေသွင်းပေးရတဲ့ စနစ်တွေရော ရှိတယ်။ ဒါတွေကြောင့် ဈေးကို ပြန်ချမပေးဘူးလို့ ထင်တာပါ”ဟု ၎င်းက ရှင်းပြသည်။

စက်တင်ဘာလအတွင်းက ဒီဇယ် တစ်လီတာလျှင် ကျပ် ၅၃ဝ ခန့်၊ အဆင့် မြင့်ဒီဇယ် တစ်လီတာလျှင် ၅၅ဝ ခန့်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၅၁ဝ နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၆ဝဝ ခန့်ရှိရာမှ အောက်တိုဘာလ ၂၄ ရက်နေ့ ဈေးနှုန်းများမှာ ဒီဇယ် တစ်လီတာ ကျပ် ၆၂ဝ၊ အဆင်မြင့်ဒီဇယ် တစ်လီတာလျှင် ကျပ် ၆၄ဝ၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၆၃ဝ နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၆၇ဝ အထိ ဈေးတက်လျက် ရှိသည်။

“အရင်က ခုနစ်ထောင်၊ ရှစ်ထောင်လောက်ဆိုရင် တစ်နေ့လုံး ဆွဲလို့ရတယ်။ အခုက မလောက်တော့ဘူး။ ဆီဖိုးတက်နေတော့ တစ်သောင်းကျော်ဖိုးလောက် ထည့်နေရတယ်။ အုံနာခနဲ့ဆိုရင် တစ်နေ့ကို သုံးသောင်းကျော်လောက် ရှာနေရတယ်။ ခရီးသည်ကလည်း ဈေးပိုမပေးချင်ဘူး”ဟု အငှားယာဉ်မောင်း ဦးမြင့်ကျော်က ပြောဆိုသည်။


  • VIA