News

POST TYPE

BUSINESS

မြန်မာ့စီးပွားရေး ကမ္ဘာကသိရန် ဖြောင့်မတ်စွာ လုပ်ဆောင်ရမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား
22-Oct-2016

နေပြည်တော်၊ အောက်တိုဘာ ၂၂

မြန်မာ့စီးပွားရေးကို ကမ္ဘာကသိရန် ဖြောင့်မတ်စွာ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံပြောကြား လိုက်သည်။

“စီးပွားရေးလုပ်ငန်း တစ်ခု အောင်မြင်ဖို့ဆိုရင် ယုံကြည်မှုဟာ အဓိကပါပဲဆို စီးပွားရေး လုပ်ငန်းရှင်ကြီးများ သိပါတယ်။ ယုံကြည်မှု ရှိဖို့ဆိုရင် ကျွန်မတို့ စီးပွားရေးလောကမှာ ဖြောင့်ဖြောင့်မတ်မတ် လုပ်တယ်ဆိုတာ ကမ္ဘာကသိဖို့ လိုပါတယ်။ တိုတိုပြောရမယ်ဆိုရင် အဂတိ လိုက်စားမှု ကင်းရှင်းဖို့ လိုပါတယ်ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည် တော်၊ MICC II တွင် ယနေ့ နံနက်ပိုင်း ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် အတိတ်တွင် လုပ်ဆောင်ခဲ့သော ကိစ္စရပ်များကို မကြည့်ဘဲ အနာဂတ်ကို မျှော်မှန်းဆောင်ရွက် သွားကြရန်လိုကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

“ပြည်တွင်းက လုပ်ငန်းရှင်တွေ သာမက ပြည်ပက ကျွန်မတို့ရဲ့ မိတ်ဆွေများ ကျွန်မတို့နိုင်ငံမှာ ရင်းနှီး မြှုပ်နှံရာမှာ စိတ်ပါဝင်စားတဲ့ မိတ်ဆွေများ၊ စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ကျွန်မတို့က ဖိတ်ခေါ်ချင်ပါတယ်၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် အားလုံးရုန်းမှ ဖြစ်မှာပါ”ဟု ၎င်းကပြောသည်။

အစိုးရသစ်၏ အခြေခံ မူဝါဒများတွင် တရားဥပဒေ စိုးမိုးရေးကို ထိပ်တန်း နေရာခြင်းကို နားလည်ပေးရန်လိုပြီး  ယင်းသို့ လုပ်ဆောင်ရခြင်းသည် စီးပွားရေးလုပ်ငန်းများကို ဘောင်ခတ်ခြင်း မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုတွင် နိုင်ငံတော်၏ အခွန်ထမ်းကြီးများ စာရင်းဝင် လုပ်ငန်းရှင် ၁၅၈ ဦး အပါအဝင် စီးပွားရေး မိတ်ဖက် အဖွဲ့အစည်းများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ သံတမန်များအဖွဲ့ နာယက၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E. Mr. Robert Chua, မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်အောင်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံ ဘဏ်အသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင် ဒါရိုက်တာ ဒေါ်နန်းလှိုင်ခမ်း၊ CPG Facilitator သြစတြေးလျသံအမတ်ကြီး Mr. Nick Cumpston နှင့် Sumitomo Mitsui Banking Corporation ရန်ကုန်ရုံးခွဲမှ General Manager Mr. Nobuyasu Akagi တို့ကလည်း ဆွေးနွေး အကြံပေး စကားများ ပြောကြားခဲ့ကြသည်။

“စိန်ခေါ်မှုတွေကိုတစ်ဆင့်ချင်း ကျော်လွှားနိုင်ပါပြီးလို့ ဒီလိုပဲ မြင်ပါတယ်၊ ပထမ ခြောက်လမှာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်မှု မရှိခဲ့ဘူးလို့ ကျွန်မ ဝန်ခံချင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် စီးပွားရေးနှင့် ပတ်သက်သည့်  မူဝါဒ ၁၂ ခု ချမှတ်ပြီး ဖြစ်သောကြောင့် ခြောက်လအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းများ၏ ဝေဖန်ချက်များကိုလည်း နားထောင်ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံက ဆိုသည်။


  • VIA