News

POST TYPE

BUSINESS

တရုတ်သို့ပို့မရသေး၍ ဆန်ကြမ်းဈေးဆက်ကျ
29-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၂၉

မူဆယ် ၁၀၅ မိုင်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည့်လမ်းကြောင်းများတွင် တရုတ်နိုင်ငံဘက်မှ အဖမ်းအဆီးများ ဆက်လက်လုပ်ဆောင်နေသေးခြင်းကြောင့် ပြည်ပပို့ ဆန်ကြမ်းဈေးနှုန်းများ ဆက်လက် ကျဆင်းကြောင်း ဘုရင့်နောင် ဆန်ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ ဧည့်မထ အမျိုးအစား ဆန်ကြမ်းဈေးနှုန်းများသည် တစ်အိတ်လျှင် ကျပ် ၅၀၀ မှ ၁၀၀၀ ကြား ဆက်လက်ကျဆင်းပြီး တရုတ်ဘက်မှ ပြန်လည်ဝယ်ယူမှသာ ဈေးပြန်ကောင်းလာနိုင်ကြောင်း ဆန်ကုန်သည်များက သုံးသပ်သည်။

“Exporter တွေက အကျဈေးနဲ့တော့ ဝယ်နေကြလို့ အရောင်းအဝယ်တော့ ကောင်းတယ်။ တရုတ်မဝယ်ရင်တော့ သူတို့လည်း ကြာရှည်ဝယ်နိုင်မှာ မဟုတ်ဘူး။ အခုက တရုတ်က ပွင့်တယ်လို့ဆိုပေမယ့် ပို့လို့မရသေးဘူး”ဟု ဆန်ကုန်သည် ဦးသန်းဦးက ပြောဆိုသည်။

လက်ရှိရန်ကုန်ဆန်ဈေးကွက်သို့ နယ်ဒေသများမှ ဝင်ရောက်မှုမှာ များပြားနေဆဲဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဘုရင့်နောင်ဆန်ကုန်စည်ဈေးကွက်အတွင်းသို့ ဆန်အိတ်ရေ တစ်သိန်းကျော် နေ့စဉ်ဝင်ရောက်ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ထံမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၉၂၀၀၊ ဧည့်မထ ၁၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၁၀၀၀ နှင့် ဧည့်မထ ၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ ခန့်ဈေးရှိကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04