News

POST TYPE

BUSINESS

ကမ္ဘောဇဘဏ်နှင့် UPI ကတ် ကုမ္ပဏီတို့ ပူးပေါင်း၍ အကြွေးဝယ်ကတ် နှစ်မျိုး ထုတ်လုပ်
19-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကမ္ဘောဇဘဏ်နှင့် တရုတ်နိုင်ငံ အခြေစိုက် Union Pay International (UPI) ကတ်ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်ပနိုင်ငံပေါင်း ၁၆ဝ နှင့် ပြည်တွင်းရှိ ဆိုင်ခွဲပေါင်း ၇ဝဝဝ ကျော်တွင် အသုံးပြုနိုင်မည့် အကြွေးဝယ်ကတ် နှစ်မျိုးကို ထုတ်လုပ်ခဲ့ကြောင်း ကမ္ဘောဇဘဏ် ကတ်ဌာနမှ အထွေထွေ မန်နေဂျာ ဒေါ်ဆွေဇင်ဝင်းက ပြောကြားသည်။

ယင်းကတ်များ လျှောက်ထားမည့်သူများသည် အသက် ၂၁ နှစ် အထက်ရှိ ရမည်ဖြစ်ပြီး Classic  အမျိုးအစားကတ် ဆိုပါက တစ်လဝင်ငွေ အနည်းဆုံး ကျပ် သုံးသိန်းနှင့်အထက်နှင့် Platinum ကတ် အမျိုးအစားဆိုပါက တစ်လဝင်ငွေ အနည်းဆုံး ကျပ်သိန်း ၂ဝ နှင့်အထက် ရှိရမည်ဖြစ်ကြောင်း၊ အကြွေးဝယ်ကတ် လျှောက်ထားသူများ၏ အခြေအနေပေါ် မူတည်၍ ကျပ်တစ်သိန်းမှ ကျပ်သိန်း ၅ဝ အထိ သုံးစွဲနိုင်မည့် အကြွေးဝယ်ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီအကြွေးဝယ်ကတ်ရဲ့ ထူးခြားချက်က ကတ်တစ်ခု လုပ်ပြီးတော့ မိသားစု ဝင်တွေအတွက် ဆင့်ပွားကတ် လေးခု ထပ် လုပ်လို့ ရတယ်။ ဆင့်ပွားကတ်တွေဟာ မူရင်းကတ်ရဲ့ အကြွေးချေးထားတဲ့ငွေကိုလည်း မျှဝေ ခံစားလို့ ရတယ်။ ၄၅ ရက်အတွင်း အကြွေးပြန်ဆပ်ရင် အတိုးပေးစရာ မလိုဘူး”ဟု ၎င်းကဆိုသည်။
Union Pay International က ယခုနှစ်အတွင်း ပြည်တွင်းဘဏ် ခြောက်ခုနှင့်ပူးပေါင်းကာ ငွေပေးချေကတ် (Debit Card)၊ အကြွေးဝယ်ကတ် (Credit Card) များ ထုတ်သွားမည်ဖြစ်ကြောင်း UPI ကုမ္ပဏီမန်နေဂျာ ဦးအောင်နန္ဒကျော်က ပြောကြားသည်။

ယခုနှစ် နှစ်စပိုင်းတွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ သမဝါယမဘဏ် (CB)၊ မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီဘဏ်တို့နှင့် ပူးပေါင်းကာ ငွေပေးချေကတ်၊ အကြွေးဝယ်ကတ်များ ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ အောက်တိုဘာလအတွင်း ကမ္ဘောဇဘဏ်နှင့် ကတ်များ ထုတ်ထားပြီး မြန်မာ့ရှေ့ဆောင်ဘဏ်နှင့်လည်း ပူးပေါင်း၍ ယခုနှစ်အတွင်း ကတ်များ ထုတ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။


  • VIA