News

POST TYPE

BUSINESS

နှစ်ရက်အတွင်း မတ်ပဲတစ်တင်း ၅၀၀၀ နီးပါးဈေးတက်
06-Nov-2018
ဟင်္သာတ၊ နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၏ အဓိကကုန်စည်ဒိုင်ဖြစ်သည့် ဟင်္သာတမတ်ပဲကုန်စည်ဒိုင်ဈေးကွက်၌ နိုဝင်ဘာလ ၅ ရက်မှ နိုဝင်ဘာလ ၆ ရက် နံနက်အထိ နှစ်ရက်အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်ငါးထောင်နီးပါး ဈေးတက်ခဲ့ကြောင်း ယင်းကုန်စည်ဒိုင်ထံမှ သိရသည်။

အောက်တိုဘာလ ၂၃ ရက် နောက်ပိုင်းအထိ တစ်တင်းလျှင်ကျပ် ၂၁၇၀၀ ဈေးအမြင့်ဆုံးရောင်းချနေရသည့်မတ်ပဲမှာ နိုဝင်ဘာ ၃ ရက်တွင် ကျပ် ၃၀,၀၀၀ အထိ ဈေးတက်လာကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဈေးထပ်တက်ရာ မတ်ပဲတစ်တင်း ကျပ်သုံးသောင်းခွဲအထိ ဈေးရှိကြောင်း မတ်မဲကုန်သည်များက ပြောကြားသည်။

ဟင်္သာတကုန်စည်ဒိုင်တွင် တစ်ရက်လျှင် တစ်တင်းခွဲဝင်အိတ်ရေ ငါးထောင်ခန့်အရောင်းအဝယ်ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် မတ်ပဲအထွက်နှုန်း လျော့ကျခြင်းကြောင့် ယခုကဲ့သို့အဝယ်မြင့်ပြီး ဈေးတက်လာခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

မတ်ပဲဈေးမြင့်လာခြင်းကြောင့် ကုန်သည်လှောင်လက်များအကျိုးအမြတ်မြင့်မားသည်ဟု တွက်ဆ၍မရဘဲ လတ်တလော မတ်ပဲအမြင့်ဈေးကွက်မှာ တောင်သူများအတွက် ဝမ်းသာစရာဟု ယူဆဖွယ်မရှိသေးကြောင်း ကုန်သည်ကြီးတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဒေသခံတောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် မတ်ပဲအသစ်ပေါ်ချိန်အထိဈေးကွက်အမြင့်ဆုံးဖြစ်ပေါ်နိုင်ပြီး တောင်သူများနှင့် ကုန်သည်များထံတွင် မတ်ပဲလက်ကျန်မရှိတော့ခြင်းကြောင့် လက်ရှိဈေးနှုန်းများထက်ဆိုးရွားစွာ ကျဆင်းနိုင်မည်မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ဆိုသည်။

အိန္ဒိယနိုင်ငံ၏ မတ်ပဲအရည်အသွေးညံ့လာခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် မြန်မာ့မတ်ပဲကို မဖြစ်မနေဝယ်ယူရမည့်အခြေအနေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသဖြင့် အစားထိုးသီးနှံစိုက်ပျိုးမည့်ရည်ရွယ်ချက်အစား မတ်ပဲကိုသာ ပြန်လည်စိုက်ပျိုးသင့်ခြင်းဖြစ်ကြောင်း ဦးမြင့်သိန်းဦးက အကြံပြုထားသည်။

R-13