News

POST TYPE

BUSINESS

နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်များ မြန်မာအတွက် အဆိုးထက် အကောင်း ပိုများမည်
15-Oct-2016


ရန်ကုန်၊ အောက်တိုဘာ ၁၃

 

နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်များ (Bilateral  Investment Treaty-BIT) သည် မြန်မာကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံများအတွက် အဆိုးထက် အကောင်း ပိုများမည်ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

 

မြန်မာနိုင်ငံသည် ဥရောပ သမဂ္ဂနှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်ကို ချုပ်ဆိုရန် လေးကြိမ်မြောက် ဆွေးနွေးပွဲကို မကြာမီ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

ထိုပြင် အမေရိကန် ပြည်ထောင်စုကလည်း ယင်းကဲ့သို့ စာချုပ်မျိုး ချုပ်ဆိုရန် မြန်မာနိုင်ငံကို အဆို ပြုထားပြီး မြန်မာသည် ဟောင်ကောင်နှင့်လည်း လက်မှတ်ထိုးထားပြီဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။

 

“မြန်မာအတွက် (ဒီစာချုပ်တွေက) အဆိုးထက် အကောင်း ပိုများမယ်လို့ ကျွန်တော် ပြောလိုပါတယ်”ဟု ၎င်းကဆိုသည်။

 

ရင်းနှီးမြှုပ်နှံမှု စာချုပ်များသည် နိုင်ငံရေးအရ မတည်ငြိမ်သည့် နိုင်ငံများတွင်  ဝင်ရောက် လုပ်ကိုင်ကြမည့် ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့ လုပ်ငန်းများကို သက်ဆိုင်ရာ နိုင်ငံအစိုးရက ကာကွယ်ပေးရန် စာချုပ် ချုပ်ဆိုကြခြင်းဖြစ်သည်။

 

ယင်းကြောင့်ပင် စာချုပ်ပါ အချက်များကို အစိုးရဘက်က မလိုက်နာပါက အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ခုံရုံးတွင် ရင်းနှီး မြှုပ်နှံသူများက အစိုးရကို တရားစွဲခွင့်ရှိမည် ဖြစ်သည်။

 

သို့သော် အပြည်ပြည်ဆိုင်ရာ ရင်းနှီး  မြှုပ်နှံမှုခုံရုံးတွင် တရား ရင်ဆိုင်ခဲ့ကြသော အစိုးရနှင့် ရင်းနှီး မြှုပ်နှံသူများ၏ အငြင်းပွားမှုများတွင် အမှုအားလုံး၏ ၈ဝ ရာခိုင်နှုန်းကို အစိုးရများက အနိုင်ရရှိခဲ့ကြောင်း  ဦးအောင်နိုင်ဦးက ရှင်းပြသည်။

 

မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ် ချုပ်ဆိုပြီးမှသာ သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာကြ ခြင်းဖြစ်သည်။

 

နှစ်နိုင်င ံရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်များသည် အဆိုးနှင့် အကောင်း ဒွန်တွဲနေပြီး အကောင်းအဆိုးသည် အစိုးရအပေါ်တွင် မူတည်ကြောင်း ဦးအောင်နိုင်ဦးက မှတ်ချက်ပြုသည်။

 

မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဖိတ်ခေါ်ရန်အတွက် ရင်းနှီး မြှုပ်နှံမှု ဥပဒေကို လတ်တလောတွင် ပြဋ္ဌာန်းထားပြီး တစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်များဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ပြင်ဆင်လျက် ရှိသည်။



  • VIA