News

POST TYPE

BUSINESS

မြန်မာဆန်စက်များ၏အရည်အသွေး တရုတ်လာစစ်ရန် ဖိတ်ကြား
19-Oct-2018


ရန်ကုန်၊ အောက်တိုဘာ ၁၈

တရုတ်နိုင်ငံက မြန်မာ့ဆန်ကို ပမာဏအများဆုံးဝယ်ယူနေသည့်အတွက် မြန်မာနိုင်ငံရှိ ဆန်စက်များကို တရုတ်ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေး (AQSIQ) အဖွဲ့ လာရောက်စစ်ဆေးပေးရန် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းက ဖိတ်ကြားထားကြောင်း ယင်းအသင်းထံမှသိရသည်။

လက်ရှိတွင် ဘိန်းအစားထိုး (Quota) စနစ်ဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် တစ်သိန်းကိုသာ တင်ပို့နေရသောကြောင့် AQSIQ အဖွဲ့ လာရောက်စစ်ဆေးပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီပါက တန်ချိန်တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်သောကြောင့် လာရောက်စစ်ဆေးပေးရန် ဖိတ်ကြားထားခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ 

“သူတို့လာမှ ဓာတုဓာတ်ကြွင်း၊ ပိုးမွှားနဲ့ ထုတ်လုပ်မှုကောင်းကြောင်း လက်ခံမှ တန်ချိန်တိုးတင်ပို့ရမှာ။ ဒါကြောင့် လာစစ်ဖို့ ဖိတ်ထားတယ်။ လာစစ်ရင်လည်း ခြောက်စက်လောက်ပဲ စစ်နိုင်တာ” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးထင်ဇော်လှိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံရှိ ဆန်စက်များကို AQSIQ အဖွဲ့ လာရောက်စစ်ဆေးမည်ဟု ပြောကြားထားသော်လည်း လာရောက်မစစ်ဆေးဖြစ်သောကြောင့် ယခုနှစ်တွင် လာရောက်စစ်ဆေးပေးရန် ဖိတ်ကြားထားခြင်းဖြစ်ပြီး ဆန်စက်များကို အဆင့်မြှင့်တင်ခြင်း၊ ဓာတုဓာတ်ကြွင်း၊ ပိုးမွှားနှင့် ကုန်ထုတ်လုပ်မှု မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင်လည်း တရုတ်နိုင်ငံသို့ ဆန်နှင့်ပြောင်းဝေစုပမာဏ (Quota) တိုးမြှင့်တင်ပို့နိုင်ရန်အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးနေပြီး ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံမှ ဝန်ကြီးချုပ်လာရောက်စဉ် ဘိန်းအစားထိုး (Quota) စနစ်ဖြင့် တစ်နှစ်လျှင် တရားဝင်ဆန်တန်ချိန် တစ်သိန်းတင်ပို့ရန် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

J-11