News

POST TYPE

BUSINESS

အီရန်မှ ရေနံမဝယ်ရန် မြန်မာအစိုးရက လုပ်ငန်းရှင်များကို အသိပေး
19-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၈

အီရန်နိုင်ငံအပေါ် ငွေကြေးဆိုင်ရာ ဖိအားပေးမှုနှင့် ရေနံစိမ်းရောင်းချမှုမှတစ်ဆင့် ဝင်ငွေလုံးဝမရှိစေရန် နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ မြန်မာလုပ်ငန်းရှင်များ အီရန်နိုင်ငံထံမှ ရေနံဝယ်ယူခြင်းမပြုတော့ရန် မေတ္တာရပ်ခံကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးစာထုတ်ပြန်သည်။ 

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ Political Economic Sections Chief ဖြစ်သူ Mr.William Flens သည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက်တွေ့ဆုံစဉ် ရေနံဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပြီး ယခုအသိ ပေးချက်ကို ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာညီနောင်အသင်းများထံ ပြန်လည်ဖြန့်ဖြူးပေးရန် ယင်းအသင်းချုပ်ထံ လိပ်မူပေးပို့ခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနကို လာတွေ့တုန်းက မေတ္တာရပ်ခံသွားတာပါ။ ထပ်ပြီးတော့ အမေရိကန်ဘက်က အကြောင်းကြားတာမျိုးတော့ မရှိပါဘူး။ လုပ်ငန်းရှင်တွေသိရအောင် ထုတ်ပြန်ပေးတာပါ” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ရှင်းလင်းပြောကြားသည်။

သို့ဖြစ်၍ ကုမ္ပဏီများအနေနှင့် အီရန်နိုင်ငံမှ ရေနံစိမ်းများ ဆက်လက်တင်သွင်းခြင်းမပြုရန် အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပြီး အီရန်နိုင်ငံနှင့် ပြုလုပ်ထားသည့် သဘောတူညီချက်များရှိပါက အဆုံးသတ်နိုင်ရေးအတွက် အသိပေးထားခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကန့်သတ်ပိတ်ဆို့မှု စတင်အသက်ဝင်မည်ဖြစ်ပြီး ကန့်သတ်ပိတ်ဆို့မှုကြောင့် ငွေကြေးဆိုင်ရာပိတ်ဆို့မှုများနှင့်ပတ်သက်၍ မကောင်းသည့် နောက်ဆက်တွဲများ ပေါ်ပေါက်လာနိုင်ကြောင်း ယင်းအသိပေးချက်တွင် ပါရှိသည်။

“အီရန်က ရေနံတို့၊ စက်သုံးဆီတို့ တိုက်ရိုက်တင်သွင်းတာမရှိပါဘူး။ မြန်မာ နိုင်ငံအနေနဲ့ကတော့ မတင်သွင်းရလည်း ထိခိုက်နိုင်တာမရှိဘူး” ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။ 

မြန်မာနိုင်ငံအနေနှင့် ရေနံစိမ်း၊ စက်သုံးဆီများကို စင်ကာပူနိုင်ငံမှတစ်ဆင့် အများဆုံးတင်သွင်းရောင်းချနေခြင်းဖြစ်ပြီး အီရန်နိုင်ငံထံမှ ရေနံဝယ်ယူခြင်းမရှိသောကြောင့် မြန်မာနိုင်ငံအတွက် ထိခိုက်နိုင်ခြင်းမရှိကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က အောက်တိန် (၉၂၊ ၉၅) တန်ချိန်ပေါင်း တစ်သန်းခွဲကျော်တင်သွင်းခဲ့ပြီး ဒီဇယ်တန်ချိန်ပေါင်း ၂၂ သိန်းကျော်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က အောက်တိန်း (၉၂၊ ၉၅) တန်ချိန်ပေါင်း ၁၇ သိန်းကျော်နှင့် ဒီဇယ်တန်ချိန်ပေါင်း တစ်သိန်းသုံးထောင်ကျော် တင်သွင်းခဲ့ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသူများ အသင်းထံမှ သိရသည်။

“ဘယ်တုံးကမှ အီရန်က ဆီမဝယ်ဖူးဘူး။ သမိုင်းကို မရှိဘူး။ ဆော်ဒီကရော၊ အရှေ့အလယ်ပိုင်းကရော။ ဘာလို့စင်ကာပူကပဲ သွင်းနေရလဲဆို သီလဝါမှာ တန်နှစ်သောင်းလောက်ဆံ့တဲ့ သင်္ဘောပဲကပ်ပြီးတော့ ချလို့ရတယ်။ သူတို့နိုင်ငံတွေက ဝယ်မယ်ဆို နှစ်အလိုက်စာချုပ်ချုပ်ပြီး သန်းနဲ့ချီသွင်းရတာ” ဟု စက်သုံး ဆီအသင်းရုံးအဖွဲ့မှူး ဦးဝင်းမြင့်က ပြောဆိုသည်။

J-11