News

POST TYPE

BUSINESS

မိုဘိုင်းလ်ဖုန်းငွေပေးချေမှုစနစ် လာမည့်နှစ် စမည်
19-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၈

မြန်မာနိုင်ငံ၏ မူပိုင် MMQR Code စနစ်ဖြင့် မိုဘိုင်းလ်ဖုန်းငွေပေးချေမှုများကို လာမည့် ၂၀၁၉ ခုနှစ် နှစ်စပိုင်းခန့်တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Myanmar Payment Union (MPU) အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် MPU တို့ပူးပေါင်းပြီး မိုဘိုင်းလ်ဖုန်းဖြင့် ငွေပေးချေနိုင်မည့် QR Code စနစ် လုပ်ဆောင်နိုင်ရန်အတွက် MMQR Code စံသတ်မှတ်ချက်များသည် မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“MMQR Code စနစ် စပြီဆိုရင် ငွေပေးချေမှုတွေအတွက် ကိုယ့်ဘဏ်အချင်းချင်းတင် မကဘူး။ အခြားဘဏ်တွေနဲ့ပါ ချိတ်ဆက်လုပ်ဆောင်နိုင်မယ်”ဟု ၎င်းက ရှင်းပြသည်။

လတ်တလောတွင် MMQR Code စနစ်ဖြင့် ငွေပေးချေမှုဝန်ဆောင်မှုများ စတင်ချိန်တွင် အဆင်သင့်ဖြစ်စေရန် ပုဂ္ဂလိကဘဏ်များနှင့် ကတ်စနစ်ဖြင့် ငွေပေးချေမှုဝန်ဆောင်မှုများအတွက် ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်လုပ်ဆောင်နေသော ကုမ္ပဏီများကလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 

QR Code စနစ်ဖြင့် ငွေပေးချေမှုများကို အခြားနိုင်ငံများတွင် စတင်လုပ်ဆောင်နေပြီဖြစ်ပြီး QR Code စနစ်ဖြင့် ငွေပေးချေမှုများသည် ငွေပမာဏအကန့်အသတ်ဖြင့်သာ ရရှိနိုင်သေးကြောင်း ကတ်စနစ်ဖြင့် ငွေပေးချေမှုဝန်ဆောင်မှုပေးနေသောကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“QR Code ပေးချေမှုက အကန့်အသတ်ရှိနေတော့ ကတ်စနစ်တွေကလည်း ရှိနေဦးမှာပဲ။ နောက်ပိုင်းမှာတော့ လူတွေက ပိုပြီးလုံခြုံစိတ်ချရမယ်၊ ပိုလွယ်တယ်ဆိုတဲ့အရာတွေကိုပဲ အသုံးပြုလာကြမှာပဲ” ဟု ၎င်းကဆိုသည်။ 

လက်ရှိအချိန်တွင် ဗဟိုဘဏ်က QR Code စနစ်ဖြင့်မဟုတ်ဘဲ မိုဘိုင်းလ်ဖုန်းဖြင့် ငွေပေးချေမှုဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ကို ဘဏ်များနှင့် ဆက်သွယ်ရေးအော်ပရေတာများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော Wave Money ၊ M - ပိုက်ဆံတို့အပြင် အခြားမိုဘိုင်းလ်ဖုန်းငွေပေးချေမှု ဝန်ဆောင်မှုကုမ္ပဏီ သုံးခုခန့်ကို လုပ်ကိုင်ခွင့်ပြုထားသည်။

J-01