News

POST TYPE

BUSINESS

တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများကို ၁၅ နှစ် အရစ်ကျဖြင့် ဝယ်ယူနိုင်စေရန် စီစဉ်ဟုဆို
13-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၁၃

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများ ဝယ်ယူလိုသူများအတွက် လာမည့် နှစ်တွင် ၁၅ နှစ် အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်စေရန် စီစဉ်လျက်ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် CHDB မှ အမှုဆောင် ဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် CHDB ဘဏ်တို့ ပူးပေါင်းကာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ချေး ငွေ အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်စေရန် CHDB ဘဏ်တွင် အိမ်ရာ ဝယ်ယူရန် လစဉ် ငွေစုသူများ အနေနှင့် တိုက်ခန်း တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း စုငွေရှိပါက ကျန်ငွေများကို ဘဏ်သို့ နှစ်ရှည်ချေးငွေ စနစ်ဖြင့် ဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။


“အရင်က အိမ်ရာတွေကို ၄ နှစ် အရစ်ကျနဲ့ ရောင်းဖို့ စီစဉ်ရာက အခု ၈ နှစ် အရစ်ကျနဲ့ တန်ဖိုးနည်း အိမ်ရာတွေကို ဝယ်ယူနိုင်ဖို့ စီစဉ်ပေးတယ်။ သိန်း ၁၂ဝ တန် တိုက်ခန်း တစ်ခန်းကို ၈ နှစ် အရစ်ကျနဲ့ဆို တစ်လ တစ်သိန်း နှစ်သောင်းလောက်ပဲ သွင်းရမယ်။ လာမယ့်နှစ်မှာ ၁၅ နှစ် အရစ်ကျနဲ့ ရောင်းချပေးဖို့ စီစဉ်နေတယ်။ အဲဒီအခါကျရင် တစ်လကို ငါးသောင်းလောက်ပဲ အရစ်ကျ သွင်းရမှာပါ”ဟု ၎င်းကဆိုသည်။

ယခုလက်ရှိတွင် CHDB ဘဏ်တွင် အိမ်ရာ ဝယ်ယူရန် ငွေစုထားသူ ၅ဝဝဝ ကျော်ခန့် ရှိပြီး ယခုနှစ် နိုဝင်ဘာလတွင် သိန်း ၁၂ဝ နှင့် သိန်း ၇ဝ ကြားရှိ တိုက်ခန်း ၂၂ဝ၈ ခန်းကို ၈ နှစ် အရစ်ကျဖြင့် နိုဝင်ဘာလတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)ဘဏ် အနေနှင့် ယခု လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ်ခွဲ လေးခု၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ် မြို့များတွင် ဘဏ်ခွဲ တစ်ခုစီ ဖွင့်လှစ်ထားသည်။


  • VIA