News

POST TYPE

BUSINESS

ဆောင်းသီးနှံချေးငွေ စောထုတ်ပေးရန် ကိုင်းစိုက်တောင်သူများတောင်းဆို
17-Oct-2018
ဟင်္သာတ၊ အောက်တိုဘာ ၁၆

ဟင်္သာတခရိုင်ရှိ မြို့နယ် ၆ မြို့နယ် အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ ကိုင်းစိုက်တောင်သူများအတွက် ဆောင်းသီးနှံချေးငွေထုတ်ချေးမှုကို ယခင်ထုတ်ပေးချိန်ထက် စောပြီးထုတ်ပေးရန်လိုအပ်ကြောင်း ကိုင်းစိုက်တောင်သူအများစုက ပြောကြားသည်။

မြစ်ရေကျဆင်းချိန်တွင် ဆောင်းသီးနှံစိုက်ပျိုးရန် ကိုင်းစိုက်ဧကများကို စတင်ပြင်ဆင်လေ့ရှိပြီး ပေါင်းသတ်ဆေးဖျန်းခြင်း၊ မျိုးစေ့စုဆောင်းခြင်း၊ မြေပြင်ဆင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရသဖြင့် စိုက်ပျိုးစရိတ်ချေးငွေလိုအပ်နေခြင်းဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေထုတ်ပေးချိန်မှာ နောက်ကျနေခြင်းကြောင့် ပြင်ပငွေတိုးများဖြင့် ချေးယူသုံးစွဲနေရကြောင်း ၎င်းတို့က ပြောဆိုသည်။

ကိုင်းတစ်ဧကလျှင် ငွေကျပ်ငါးသောင်းထုတ်ချေးပေးခြင်းကြောင့် လုံလောက်မှုမရှိသော်လည်း အနည်းငယ်မျှ အထောက်အကူဖြစ်စေခဲ့ကြောင်း၊ ယခုနှစ်မိုးရာသီတွင် ဒေသအချို့၌ လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုရှိခဲ့သော်လည်း အချို့ဒေသ၌ ကိုင်းစိုက်ခင်းများကို ရေမမြုပ်သောကြောင့် သီးနှံဖျက်ပိုးမွှားများ ပိုမိုများပြားလာနိုင်သည့်အတွက် ကုန်ကျစရိတ်ပိုလာနိုင်ကြောင်း ဟင်္သာတမြို့ခံ၊ ကိုင်းစိုက်တောင်သူ ဦးဆန်းမင်းက ပြောကြားသည်။

“ဒီနှစ်ချေးငွေက တစ်ဧကတစ်သိန်းရမယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့က မိုးစပါးချေးငွေမရတော့ ငွေအကျပ်အတည်းပိုဖြစ်တယ်။ တစ်ဧက တစ်သိန်းအထက် ထုတ်ချေးပေးသင့်တယ်လို့ ပြောချင်တယ်”ဟု ၎င်းက ဆိုသည်။

တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေထုတ်ပေးမှုမှာ တစ်ဧကလျှင် ချေးငွေတစ်သိန်းခွဲကျပ်ရှိခြင်းကြောင့် ဆောင်းသီးနှံချေးငွေနောက်ကျပါက ပြဿနာအကြီးအမားမဟုတ်သော်လည်း ကိုင်းစိုက်တောင်သူများအတွက်ကိုမူ ချေးငွေကိုစော၍ထုတ်ပေးသင့်ကြောင်း လယ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးကျော်လွင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် မြစ်ရေတက်ချိန်မတိုင်မီစာရင်းများအရ ကိုင်းကျွန်းဧကပေါင်း ၃၀၅,၇၄၂ ဧက၊ မိုးစပါးဧက ၃၇၅,၅၀၀၂ ဧကနှင့် နွေစပါး ၁,၃၄၁,၈၇၅ ဧကရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ဟင်္သာတမြို့နယ်တွင် ၂၀၁၇ ခုနှစ် ဆောင်းသီးနှံချေးငွေမှာ နွေစပါးအပါအဝင် ဧကပေါင်း ၁၂,၄၀၀ ခန့်အတွက် ကျပ်သိန်းပေါင်း ၆၂,၁၆၃ သိန်းထုတ်ချေးခဲ့ကြောင်း၊ နှစ်စဉ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် စတင်ထုတ်ချေးပေးလေ့ရှိသော်လည်း ယခုလအတွက် အခြေအနေကိုမူ မသိရှိရသေးကြောင်း ခရိုင်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-13