News

POST TYPE

BUSINESS

ကမ္ဘာ့ဆန်ညီလာခံ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်
16-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၅

ကမ္ဘာ့ဆန်ညီလာခံ The Rice Trader 12th  WORLD RICE CONFERENCE ကို ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် စတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

၁၀ ကြိမ်မြောက် ကမ္ဘာ့ဆန်ညီလာခံကို အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး တစ်နှစ်လျှင် တစ်နိုင်ငံ အလှည့်ကျတစ်ကြိမ်စီ ပြုလုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

ဗီယက်နမ်နိုင်ငံတွင်ပြုလုပ်သည့် ဆန်ညီလာခံတွင် ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများက မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်၍ မြန်မာနိုင်ငံ၏ ဆန်၊စပါးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း ကိုယ်စားပြုတက်ရောက်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (ငြိမ်း) ဦးတိုးအောင်မြင့်က ပြောကြားသည်။

“အဲဒီ ကွန်ဖရင့်မှာ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ကမ္ဘောဒီးယားနိုင်ငံက ရသွားပါတယ်။ မြန်မာနိုင်ငံက ၂၀၁၇-၁၈ မှာ ဆန် ၃ ဒသမ ၆ သန်းတင်ပို့ခဲ့ပြီး World Rice Exporter Top 5 ကို ရောက်ခဲ့ပေမယ့် လိုအပ်ချက်တွေ၊ မတည်ငြိမ်တဲ့မူဝါဒတွေနဲ့ ရုန်းကန်နေရဆဲပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေနှင့် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၆ သန်းတင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်အတင်ပို့ဆုံးနိုင်ငံစာရင်းတွင် အဆင့်ငါးအဖြစ် ရပ်တည်ခဲ့သော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပဆန်တင်ပို့မှု ပြန်လည်ကျဆင်းသွားကာ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက် နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဆန်တန်ချိန် ၁ သန်းကျော်သာ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာသန်း ၃၉၀ ကျော်သာ ရရှိသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

ပြည်တွင်းတွင် ဆန်လက်ကျန်နည်းပါးခြင်း၊ စပါးအတိုင်း တရားမဝင်တင်ပို့ခြင်းနှင့် ရာသီဥတုဆိုးရွား၍ စပါးစိုက်ဧကများ ပျက်စီးမှုများကြောင့် ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၂ သန်းကျော်သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

The Rice Trader 12th WORLD RICE CONFERENCE ကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဆိုပါက နိုင်ငံတကာမှ ခေတ်မီဆန်စက်ပစ္စည်းများ၊ နည်းပညာများ၊ မျိုးကောင်းမျိုးစေ့များ၊ ဆန်ဝယ်ယူသည့်နိုင်ငံများ၏ ဆန်လိုအပ်ချက်ပမာဏ၊ ဆန်ဝယ်ယူသည့်ပမာဏနှင့် ဆန်ကုန်သွယ်မှုအတွက် အခွန်ဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတကာ၏ဆန်နှင့်ပတ်သက်သည့် ကိန်းဂဏန်းအချက် အလက်များကို ယင်းညီလာခံတွင်ရရှိနိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း ဦးနေလင်းဇင်က ပြောဆိုသည်။

J-11