News

POST TYPE

BUSINESS

ကျွဲ၊ နွား ကုန်သွယ်မှုဆိုင်ရာအချက်အလက် စစ်တမ်းကောက်မည်
15-Oct-2018



ရန်ကုန်၊ အောက်တိုဘာ ၁၄

ကျွဲ၊ နွား တရားဝင်တင်ပို့ခြင်းလုပ်ငန်းများကို အထောက်အကူပြုစေမည့် အချက်အလက်များ စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ပြည်ပသို့ ကျွဲ၊ နွားများတရားဝင်တင်ပို့ခြင်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ခွင့်ပြုခဲ့ရာ ယခုနှစ်အောက်တိုဘာလတွင် တစ်နှစ်ပြည့်ပြီဖြစ်ရာ ပြည်ပသို့ ကျွဲ၊ နွားများ တရားဝင်တင်ပို့ခြင်းလုပ်ငန်း၏ လက်ရှိအနေအထားကို ဆန်းစစ်နိုင်ရန်နှင့် ကျွဲ၊ နွားများ တရားဝင်တင်ပို့ခြင်းလုပ်ငန်းကို အထောက်အကူပြုစေမည့် အချက်အလက်များသိရှိနိုင်ရန် စစ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

စစ်တမ်းကောက်ယူခြင်းကို ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အချက်အလက်စစ်တမ်း ကောက်ယူမည့်ကာလကို အတိအကျ မသတ်မှတ်ရသေးကြောင်း၊ “ကျွဲ၊ နွား ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကောက်ယူရေး အလုပ်ရုံဆွေးနွေးပွဲ” ကိုလည်း အောက်တိုဘာလ ဒုတိယအပတ်က နေပြည်တော်ရှိ The Hotel Royel ACE တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

ထို့ပြင် ကျွဲ၊ နွားကုန်သွယ်မှုစစ်တမ်းကို ကျွဲ၊ နွားများတင်ပို့နေသည့် ကုမ္ပဏီများမှ လိုအပ်သည့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွင် တိရစ္ဆာန် ကျန်းမာရေးလုပ်သားများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကောက်ယူခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

ကျွဲ၊ နွားတင်ပို့မှုနှင့်ပတ်သက်၍ နောက်ပိုင်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဝင်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုရန်ရှိပြီး ကွတ်ခိုင်တွင်လည်း ကျွဲ၊ နွား ကျန်းမာရေးစစ်ဆေးရေးရုံတစ်ခုကို အချောသတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။

J-11