News

POST TYPE

BUSINESS

မိတ္ထီလာဒေသထွက် မိုးနှောင်းဝါ အဖွင့်ဈေးကောင်း
09-Oct-2018


မိတ္ထီလာ၊ အောက်တိုဘာ ၈

မိတ္ထီလာဒေသထွက် မိုးနှောင်းဝါများ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်နေပြီး ဈေးကောင်းရရှိနေကြောင်း ဝါဂွမ်းပွဲရုံများနှင့် ဝါကြိတ်စက် လုပ်ငန်းရှင်များထံမှ သိရသည်။

ယခုနှစ်တွင် စိုက်ဧကများသော်လည်း ရာသီဥတုအနေအထားကြောင့် ဝါအထွက်နည်း၍ အဖွင့်ဈေးကောင်းနေခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

“မနှစ်ကအဖွင့်ဈေးက တစ်ပိဿာကို ၁၄၀၀ (ကျပ်) လောက်ပဲရှိတယ်။ ဒီနှစ် ၁၅၅၀- ၁၆၀၀ (ကျပ်) လောက်ရတယ်။ အဝယ်လည်းရှိနေတယ်။ မန္တလေးဘက်က ချည်စက်ရုံတွေကဝယ်သလို တရုတ်ဘက်ကလည်းဝယ်နေပါပြီ”ဟု ဇမ္ဗူညွန့်ပွဲရုံလုပ်ငန်းရှင် ဦးထွန်းဇော်လတ်က ပြောကြားသည်။

မိတ္ထီလာဒေသခံတောင်သူများသည် ယခုနှစ် ဇွန်၊ ဇူလိုင်လတွင် ပဲစင်းငုံအစား ဝါကို အားထားစိုက်ပျိုးခဲ့ကြသဖြင့် တစ်မြို့နယ်လုံး၏ ဝါစိုက်ဧကမှာ တစ်သိန်းဝန်းကျင်ရှိနိုင်ကြောင်း၊ အပင်ကြီးထွားချိန်၌ နှစ်လနီးပါးမိုးခေါင်ခဲ့သဖြင့် စိုက်ဧကများသော်လည်း အထွက်နည်းနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“အပင်တွေက ရေလိုနေတဲ့အချိန်မှာ မိုးမရွာတော့ သက်ကြီးပုတွေဖြစ်ကုန်တယ်။ အနည်းဆုံး ရင်စို့လောက်ဖြစ်ရမှာကို ခုထိနှစ်ပေလောက်ပဲရှိတယ်။ အကိုင်းအလက်မစုံဘဲ ဝါသီးတယ်။ တစ်ပင်ကို ၁၀၀- ၁၂၀ လောက်အသီးသီးရမှာ၊ အခုကတစ်ပင်ကို အသီးကအစိတ်လောက်ပဲရှိတယ်”ဟု မိတ္ထီလာမြို့ အနောက်ဘက် သဖန်းပင်ရိုးရွာမှ တောင်သူဦးတင်အောင်က ပြောကြားသည်။ 

မိတ္ထီလာကန်အရှေ့ဘက်ပိုင်းရှိ ကန်ရေသောက်ကျေးရွာများတွင် မိုးကြိုဝါများလည်း စိုက်ပျိုးလေ့ရှိရာ အဆိုပါ မိုးကြိုဝါသည် ဇူလိုင်လတွင်ဈေးကွက်သို့ ဝင်ရောက်ပြီး ဝယ်လိုအားကောင်းသည့် ဩဂုတ်လ၌ တစ်ပိဿာလျှင် ၁၇၀၀ ကျပ် အထိဈေးရကြောင်း မိတ္ထီလာခရိုင်အတွင်းရှိ ဝါဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။  

R-01


  • VIA