News

POST TYPE

BUSINESS

ရွှေနှင့် ဒေါ်လာ ဈေးပြန်တက်
09-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၈

ဈေးကစားသူများကို အစိုးရက ဖမ်းဆီးစစ်ဆေးမှုများကြောင့် ကျဆင်းခဲ့သော ရွှေနှင့်ဒေါ်လာဈေးမှာ အောက်တိုဘာလ ၈ ရက် ဈေးကွက်ဖွင့်ချိန်တွင် ပြန်လည်မြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀ သိန်းနီးပါး ပြန်ရောက်လာသကဲ့သို့ ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာ ၃၅ ကျပ်အထိ ပြန်တက်သွားသည်။

အခေါက်ရွှေမှာ တစ်ကျပ်သား ၉၉၆,၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခင်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၇၀,၀၀၀ ကျော် မှ ၉၈၀,၀၀၀ ဝန်းကျင်ရှိရာမှ အောက်တိုဘာလ ၈ ရက်နေ့ ဈေးကွက်ဖွင့်ချိန်တွင် ပြန်တက်လာခြင်းဖြစ်သည်။

ယင်းသို့ ရွှေဈေးပြန်တက်လာခြင်းမှာ ဈေးကွက်အတွင်း ရောင်းချသူနည်းပါးသဖြင့် ပစ္စည်းရှားနေသည့်အပြင် ဒေါ်လာဈေး ပြန်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ရှင်းပြသည်။ 

အောက်တိုဘာလ ပထမပတ်အတွင်းက ဒေါ်လာဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့သည်မှာ တစ်ပတ်ခန့်သာ ကြာမြင့်ခဲ့ပြီး ယခုအခါ ပို့ကုန်မှရသည့် နိုင်ငံခြားငွေဈေး (Earning) ဈေးပြန်လည်မြင့်တက် လာသည့်အတွက် ပြင်ပပေါက်ဈေးမှာ မြင့်တက်ခြင်းဖြစ်ကြောင်း ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။

Earning ဈေးသည် သွင်းကုန်အတွက် ဒေါ်လာဝယ်ယူသူများပြား၍ မြင့်တက်ခြင်းဖြစ်ပြီး Earning ဈေးသည် ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်ဒေါ်လာလျှင် ၃၀ အထိမြင့်တက်ပြီး ပြင်ပဒေါ်လာဈေးသည် တစ်လကျော်ကာလအတွင်း အနိမ့်ဆုံးဈေးအဖြစ် အောက်တိုဘာလ ၄ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၅၁၅ ကျပ်အထိ ကျဆင်းခဲ့ရာမှ အောက်တိုဘာလ ၈ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၅၅၀ ကျပ်သို့ ပြန်လည် မြင့်တက်လာကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

သို့သော် အောက်တိုဘာလ ၈ ရက်နေ့ ဗဟိုဘဏ်၏ သတ်မှတ်ဈေးမှာမူ အောက်တိုဘာလ ၅ ရက်နေ့ကထက် တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့်လျှော့ချ သတ်မှတ်လာပြီး အောက်တိုဘာလ ၂ ရက်နေ့ကထက် တစ်ဒေါ်လာလျှင် ၃၅ ကျပ် ဈေးလျှော့ချသတ်မှတ်လာကြောင်း လက်ရှိဗဟိုဘဏ်ဈေးသည် တစ်ဒေါ်လာ လျှင် ၁၅၀၀ ကျပ် ဖြစ်ကြောင်း ယင်းဘဏ်၏ နိုင်ငံခြားငွေလဲနှုန်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိဒေါ်လာဈေးကွက်အတွင်း Earning ဈေးသည် တစ်ဒေါ်လာလျှင် ၁၅၆၀ ကျပ်၊ ပြင်ပဈေးမှာ တစ်ဒေါ်လာလျှင် ၁၅၅၀ ကျပ်၊ ပုဂ္ဂလိက ဘဏ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၅၄၅ ကျပ်နှင့် ဗဟိုဘဏ်သတ်မှတ်ဈေးမှာ ၁၅၀၀ ကျပ်ဈေး ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။ 

S-04၊ J-05


  • VIA