News

POST TYPE

BUSINESS

အရှုံးခံရောင်းနေရသည်ဆိုသော စက်သုံးဆီဆိုင်များ ပိတ်သိမ်းရန် လွှတ်တော်သို့တင်ပြ
04-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၃

အရှုံးခံ ရောင်းနေရသည်ဆိုသော စက်သုံးဆီလုပ်ငန်းများကို ပိတ်သိမ်း၍ ပြည်ပမှ စက်သုံးဆီ ထုတ်လုပ်ရောင်းချသူများ အပါအဝင် လုပ်ငန်းရှင်များကို လာရောက်ဖွင့်နိုင်ရန် လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြောကြားသည်။ 

အောက်တိုဘာလ ၃ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်ပတ်သက်၍ အောက်တိုဘာလ ၃ ရက်က လွှတ်တော်၌ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စက်သုံးဆီလုပ်ငန်းရှင်တွေဟာ အမြဲတမ်းအရှုံးပေါ်နေတယ်လို့ ကြားသိရပါတယ်။ တိုင်းပြည်မှ အမြဲတမ်း အရှုံးပေါ် နေတဲ့လုပ်ငန်း ရှိနေတယ်ဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဂုဏ်အင်္ဂါရပ်ကို ထိခိုက်စေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းနဲ့ ပြည်ပက စက်သုံးဆီ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်သစ်တွေကို ဖွင့်ခွင့်ပေးဖို ဖန်တီးပေးပါ”ဟု ဦးလှဌေးကဆိုသည်။

အလားတူ နိုင်ငံတော်မှ စက်သုံးဆီဆိုင်များ၊ မြေများကိုလည်း စက်သုံးဆီ ဆိုင် ဖွင့်လှစ်ရောင်းချသူများက မည့်သည့်ဈေးနှုန်းဖြင့် ရယူထားသည်ကို စစ်ဆေးပေးပြီး ခေတ်ကာလဈေးနှုန်းအတိုင်း ရရှိရန်လိုအပ်ကြောင်း ဦးလှဌေးက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် နိုင်ငံဝင်ငွေ၊ ပြည်သူ့ဘဏ္ဍာများ များစွာဆုံးရှုံးနေသည်ကို စာရင်းစစ်ချုပ်၏ အစီအရင်ခံစာက ထင်ရှားစွာ ဖော်ထုတ်ထားသည့်အတွက် အစီအရင်ခံစာပါ အချက်များကို သက်ဆိုင်သူ အားလုံးမှ ဥပေက္ခာမပြုဘဲ ဆုံးရှုံးနေသာ နိုင်ငံဝင်ငွေများ ပြန်လည်ရရှိအောင် ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ကိုးကားပြောဆိုသည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းသူများအသင်းတွင် စက်တင်ဘာလ ၂၈ ရက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြား စက်သုံးဆီဈေးနှင့် အမေရိကန် ဒေါ်လာဈေးနှုန်းများ ကျဆင်းနေသောလည်း ပြည်တွင်း စက်သုံးဆီ လုပ်ငန်းရှင်များအနေနှင့် အရင်းအောက် လျော့ရောင်းနေရသည့် အခြေအနေဖြစ်သောကြောင့် ဈေးမချနိုင်သေးကြောင်း ယင်းအသင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

“အရင်းဈေးအေက် လျော့ရောင်းတယ်ဆိုတဲ့ ကိစ္စရပ်တွေကလည်း ရေရှည်မှာ ကျွန်တေ်တို့လုပ်ငန်း နယ်ပယ်တစ်ခုလုံးရဲ့ အလားအလာ မကောင်းဘူး”ဟု ဦးဝင်းမြင့်ကဆိုသည်

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် အောက်တိုဘာ ၁ ရက်နှင့် ၃ ရက်နေ့တွင် ဈေးနှုန်းကွာဟမှု အနည်းငယ်ရှိပြီး အောက်တိန်း ၉၂ မှာ တစ်လီတာလျှင် ၁,၀၃၅ ကျပ်မှ ၁,၀၄၅ ကျပ်၊ အောက်တိန်း ၉၅ မှာ တစ်လီတာလျှင် ၁,၀၈၅ ကျပ်မှ ၁,၀၉၅ ကျပ်၊ ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ၁,၀၇၅ ကျပ်မှ ၁,၀၈၅ ကျပ်၊ ဒီဇယ်မှာ တစ်လီတာလျှင် ၁,၀၆၅ ကျပ်မှ ၁,၀၇၅ ကျပ်သို့ တစ်လီတာ ၁၀ ကျပ်နှုန်းဖြင့် မြင့်တက်လာခဲ့သည်ကို Denko ဆီဆိုင်စာရင်းအရ၌ ဖော်ပြထားသည်။

J-17