News

POST TYPE

BUSINESS

SMID Bank က လစာငါးဆ ဝန်ထမ်းချေးငွေ စချေး
03-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂

အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID Bank) က အစိုးရဝန်ထမ်းများကို လစာ၏ငါးဆနှုန်းဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဝန်ထမ်းချေးငွေများ စတင် ထုတ်ချေးလျက်ရှိကြောင်း ယင်းဘဏ်ထံမှသိရသည်။

SMID Bank က လစာ၏ငါးဆနှုန်းဖြင့် ၂၀၁၇ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ ဝန်ထမ်းခြောက်သောင်းကျော်ကို ချေးငွေသက်တမ်းတစ်နှစ်ဖြင့် ကျပ်ဘီလီယံ ခြောက်ဆယ်ထုတ်ချေးပေးခဲ့ရာ လက်ရှိအချိန်အထိ ကြွေးကျန်ဦးရေ ၈၀၀၀ ခန့်နှင့် ကျပ် ၁၁ ဘီလီယံ ပေးဆပ်ရန် ကျန်နေကြောင်း ယင်းဘဏ်ထံမှသိရသည်။

ချေးငွေသက်တမ်းပြည့်ပြီးသော်လည်း ပြန်လည်ပေးဆပ်ရန်ကျန်သည့် ဝန်ထမ်းအချို့ရှိသော်လည်း နိုင်ငံ့ဝန်ထမ်းအများစုနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၏ တောင်းဆိုမှုကြောင့် အကျေပြန်လည်ပေးဆပ်ပြီးသည့် ဝန်ကြီးဌာနအောက်ရှိ အမှုထမ်းများကို လစာ၏ သုံးဆနှင့် အရာထမ်းများကို လစာ၏ငါးဆနှုန်း ထုတ်ချေးမည်ဖြစ်သည်။

အဆိုပါချေးငွေကို ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို တစ်ဦးချင်း ထုတ်ချေးပေးမည်မဟုတ်ဘဲ ဌာနလိုက်အုပ်စုစနစ်ဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြင့် လစဉ်အရင်းအတိုးကို ပုံမှန်ကောက်ခံမည်ဖြစ်ကာ ဘဏ်က ကော်မရှင်ခအဖြစ် ချေးငွေသက်တမ်းတစ်နှစ်နှင့် ခြောက်လအတွက် ဝန်ဆောင်ခ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ လျှောက်လွှာ၊ တံဆိပ်ခေါင်းနှင့် စာရွက်စာတမ်းကြေးအတွက် ကျပ် ၁၂,၅၀၀ ကောက်ခံမည်ဖြစ်ကြောင်း SMID Bank ထံမှ သိရသည်။

ထို့ပြင် ချေးငွေလျှောက်ထားသူသည် ဌာနဝန်ထမ်းနှစ်ဦးနှင့် မိသားစုဝင်တစ်ဦး အာမခံသုံးဦးလိုအပ်မည်ဖြစ်ပြီး ငွေချေးသူ ဌာနပြောင်းရွှေ့သွားပါက (သို့မဟုတ်) ပေးဆပ်ရန်ပျက်ကွက်ပါက အာမခံသုံးဦးက ကျေသည်အထိ ဆက်လက်တာဝန်ယူရမည်ဖြစ်ကြောင်း၊ အရစ်ကျ အရင်းအတိုးငွေများ ပေးသွင်းရန်ပျက်ကွက်ပါက အမှုထမ်းဖြစ်ပါက တစ်လပျက်ကွက်လျှင် ကျပ်တစ်သောင်း၊ အရာထမ်းဖြစ်ပါက တစ်လပျက်ကွက်လျှင် ကျပ်နှစ်သောင်း ကောက်ခံမည်ဖြစ်သည်။

ယခင်က လစာ၏ငါးဆနှုန်းချေးငွေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ထုတ်ချေးပေးမည်ဟု SMID Bank က ကြေညာထားသော်လည်း ပြန်လည်ပေးဆပ်ရန် ကျန်ရှိသူများကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှသာ စတင်ထုတ်ချေးခြင်းဖြစ်သည်။

J-11


  • VIA