News

POST TYPE

BUSINESS

ဧရာဝတီနှင့် ကမ္ဘောဇဘဏ် ချေးငွေများပေးဆပ်ရန် လွှတ်တော်မှ လုံးဝ သဘောမတူကြောင်း ဒေါ်စန္ဒာမင်းပြော
03-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂

ဧရာဝတီဘဏ်မှ ချေးငွေ ၈ ဘီလီယံနှင့် ကမ္ဘောဇဘဏ်မှ ချေးငွေ ကျပ်သန်း ၅၅၀၀ တို့မှာ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းကိုကျော်လွန်၍ လူပုဂ္ဂိုလ်အရ ချေးငွေများဖြစ်သည့်အတွက် ပြန်လည် ပေးဆပ်ရန် လွှတ်တော်မှ လုံးဝ သဘောမတူကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဝေဖန်ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့်ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်၌ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

“သယ်ယူပို့ဆောင်ရေးရဲ့ အများပိုင်ကုမ္ပဏီမှာ YUPT နဲ့ YUPC နှစ်ခုရှိပါတယ်။ ဒီကုမ္ပဏီနှစ်ခုကို ၄ ဘီလီယံစီ ပြန်ဆပ်ပါလို့ ပြောထားတယ်။ ပြန်ဆပ်မယ်ဆိုရင် အများပိုင်ကုမ္ပဏီရဲ့ ပုဂ္ဂလိက ပေါင်းစပ်ထားတဲ့ ကုမ္ပဏီတွေဘက်ကနေ ပြီးတော့ ပြန်ဆပ်လို့ရပါတယ်။ လွှတ်တော်ကပေးထားတဲ့ ဘီလီယံ ၇၀ ရင်းနှီးမြှုပ်နှံမှုထဲက ကြွေးမြီဆပ်မယ်ဆိုတဲ့ဟာကို ကျွန်မတို့က ခွင့်မပြုပါဘူး”ဟု ဒေါ်စန္ဒာမင်းက လွှတ်တော်အပြီးတွင် မီဒီယာများသို့ ထပ်ဆင့်ဖြေကြားသည်။

ခရီးသည်တင်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရန် လွှတ်တော်မှ ၇၀ ဘီလီယံ ခွင့်ပြုပေးခဲ့သည်။ သို့သော် မော်တော်ယာဉ် အစီးတစ်ထောင် ဝယ်ယူခြင်းအတွက် တိုင်းအစိုးရအဖွဲ့ ထည့်ဝင်ငွေ ကျပ် ဘီလီယံ ၇၀ ဖြင့် မလုံလောက်ခြင်းကြောင့် ဧရာဝတီဘဏ်မှ ကျပ် ၈ ဘီလီယံချေးငှား၍ ထပ်မံဝယ်ယူခဲ့သည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် ကျောင်းကားအစီး ၂၀၀ ဆက်လက်ဝယ်ယူရန် ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၅၅၀၀ ချေးယူထားသည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန်တိုင်းအစိုးရအနေနှင့် ခွင့်ပြုငွေ မလုံလောက်၍ ထပ်မံလိုအပ်သဖြင့် အခြားမှ ငွေချေးရယူမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၀ အရ လွှတ်တော်သို့ တင်ပြအတည်ပြုချက်ယူရမည် ဖြစ်သော်လည်း လွှတ်တော်၏ အတည်ပြုချက် မပါရှိသောကြောင့် အများပြည်သူငွေများဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသော ခရီးသည်တင်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီတွင်လည်း လုံးဝ တာဝန်မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“တကယ်လို့ ကျွန်မတို့ ပေးထားတဲ့ ဘီလီယံ ၇၀ မလုံလောက်ဘူးဆိုရင် အားလုံးလည်း မြင်တွေ့မှာပါ။ ပြည်ထောင်စု လွှတ်တော်မှာလည်း လိုတဲ့ငွေကိုပဲဖြစ်ဖြစ်၊ ချေးသုံးမယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ဘယ်နေရာက ချေးသုံးတာဖြစ်ဖြစ် လွှတ်တော်ကိုတင်ပြပြီးတော့ လွှတ်တော်ရဲ့ အတည်ပြုချက် ရယူပြီးမှ ချေးငွေဆိုတာ သုံးလို့ရပါတယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဒီဟာတွေက ကျွန်မတို့ အခုမှ သိရတာဖြစ်တဲ့အတွက် ကျွန်မတို့ကပြောချင်တာက ကျွန်မတို့မှာ တာဝန်မရှိပါဘူး”ဟု ဒေါ်စန္ဒာမင်းက The Voice သတင်းစာသို့ ပြောကြားသည်။ 

လက်ရှိတွင် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် အခြေခံ၍ ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း အပါအဝင် အောက်တိုဘာလ ၂ ရက်တွင် တိုင်းလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး၏ ဝေဖန်ထောက်ပြမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များက မကြာခင် လွှတ်တော် အစည်းအဝေး၌ တုံ့ပြန်ဖြေကြားပေးရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အများစုက ပြောကြားသည်။

J-17