News

POST TYPE

BUSINESS

ပထမတန်းကျောင်းသူများကိုရိုက်သည့် ဆရာမကို အတန်းပြောင်း
02-Oct-2018

တောင်ငူ၊ အောက်တိုဘာ ၁

ပဲခူးတိုင်း တောင်ငူမြို့နယ် ရှမ်းဝါးတီးကျေးရွာ အလယ်တန်းကျောင်းခွဲတွင် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်က အတန်းပိုင်ဆရာမ၏သမီးကို ဘောင်းဘီချွတ်သည်ဟုဆိုကာ ပထမတန်း (Grade 2) ကျောင်းသူလေးဦးကို ရိုက်နှက် အပြစ်ပေးခဲ့သည့် ယင်းဆရာမအား မူလတန်းမှ အလယ်တန်းသို့ အတန်းပြောင်းသင်ကြားစေကြောင်း တောင်ငူမြို့နယ်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းက ပြောကြားသည်။

ထို့ပြင် ယင်းဆရာမသည် ကလေးများကို ရိုက်နှက်အပြစ်ပေးရုံမကဘဲ ကလေးမိဘများ၏အိမ်သို့ ရန်တွေ့ပြောဆိုခဲ့မှုများ ရှိခဲ့သည့်အတွက် နောင်တွင် ထိုသို့မလုပ်ရန်၊ ကလေးကို ကျောင်းသို့ခေါ် မလာရန်၊ ရိုက်နှက် ဆုံးမခြင်းမပြုရန် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကလေးတွေက ကလေးသဘာဝအလျောက် စကြတာ၊ ဖြစ်ကြတာပါ၊ စစ်ဆေးတွေ့ရှိချက်အရ ကလေးရဲ့ ဘောင်းဘီသားရေကြိုး ပြုတ်သွားတာပါ၊ ပညာရေးဌာနအနေနဲ့တော့ ဆရာမကို ခံဝန်ကတိ လက်မှတ်ထိုးခိုင်းလိုက်တယ်”ဟု ၎င်းက ပြောကြားသည်။

ထိုသို့ဖြစ်ပွားပြီးနောက် အရိုက်ခံရသည့် ကျောင်းသူအချို့၏ မိဘများမှာ ကလေးများကို ကျောင်းသို့ စေလွှတ်ခြင်း မရှိတော့ဘဲ အရိုက်ခံရသည့် ကလေးမိဘများနှင့် ရိုက်နှက်သည့် ဆရာမမိသားစုတို့အကြား ပဋိပက္ခပုံစံဖြစ်ပေါ်လာကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

“ကလေးတွေ အကျင့်ပျက်မှာ စိုးရိမ်လို့ဆုံးမခဲ့တာပါ။ ခံဝန်ကတိလည်း ထိုးပြီးပါပြီ။ အတန်းပြောင်းထားတာဖြစ်လို့ သူတို့ကလေးကို ကျောင်းမတက်ခိုင်းကြတာတော့ သူတို့သဘောပဲ”ဟု ဆရာမ ဒေါ်ခင်သီတာထွန်းက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အရိုက်ခံရသည့် ကျောင်းသူများ၏ မိဘများကို The Voice သတင်းစာမှ ဆက်သွယ်မှုများ ပြုလုပ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ 

R-15