News

POST TYPE

BUSINESS

ကြက်သွန်ဈေး နှစ်ဆတက်
30-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၉

ဈေးကစားခြင်းကြောင့် ဈေးမြင့်လာသော ကြက်သွန်ဈေးနှုန်းများသည် စက်တင်ဘာလဆန်းပိုင်းကထက် ဈေးနှုန်းနှစ်ဆမြင့်တက်ကြောင်း ဘုရင့်နောင် ကြက်သွန်ဈေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာလဆန်းပိုင်းက ကြက်သွန်လက်ကားဈေးကွက်အတွင်း တစ်အိတ်လျှင် ကျပ် ၄၂၅ မှ ၆၅၀ အထိသာရှိသော်လည်း ယခုအခါ တစ်ပိဿာလျှင် ကျပ် ၉၅၀ မှ ၁၃၀၀ အထိဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်သို့ ကြက်သွန်အဝင်နည်းခြင်းနှင့် ကုန်သည်များက အဆွဲများခြင်းတို့ပေါင်းကာ ဈေးကစားသူများက ဈေးနှုန်းမြင့်တက်စေရန် လှောင်ထားကြသည့်အတွက် ထိုသို့ဈေးနှုန်းများမြင့်တက်စေခဲ့ခြင်းဖြစ်ပြီး ယခုအချိန်မှာ ကြက်သွန်ဈေး ယခုကဲ့သို့ မြင့်တက်သည့်ကာလ မဟုတ်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုချောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအသင်းဥက္ကဋ္ဌ ဦးခင်ဟန်က ပြောဆိုသည်။

လက်ရှိနယ်ကြက်သွန်ဈေးနှုန်း ကျဆင်းသဖြင့် ရန်ကုန်ကြက်သွန်ဈေးကွက်၌လည်း ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်ပိဿာလျှင် ကျပ် ၅၀ မှ ၁၀၀ ခန့် ပြန်လည်ကျဆင်းကြောင်း ကြက်သွန်ကုန်သည်များက ဆိုသည်။

လက်ရှိကြက်သွန်ဈေးကွက်အတွင်း ဆိပ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ၁၃၀၀ ကျပ်၊ ဆိပ်ဖြူ (လတ်ကြီး) တစ်ပိဿာလျှင် ၁၂၅၀ ကျပ်၊ ဆိပ်ဖြူ (လတ်သန့်) တစ်ပိဿာလျှင် ၁၁၀၀ ကျပ်နှင့် ဆိပ်ဖြူ (လတ်ချော) တစ်ပိဿာလျှင် ၉၅၀ ကျပ်ဈေးရှိကြောင်း ဘုရင့်နောင်ကြက်သွန်ဈေးကွက်အတွင်းမှ သိရသည်။

ကြက်သွန်ဈေးနှုန်းများသည် နှစ်စဉ် လက်ကျန်နည်းလေ့ရှိသည့် ကာလဖြစ်သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ဈေးနှုန်းများမြင့်တက်လေ့ရှိပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလများအတွင်းက စံချိန်တင်ဈေးနှုန်းများအဖြစ် ကြက်သွန်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ကျော်အထိ ရောက်ရှိခဲ့သည့်အတွက် ပြည်ပမှ ကြက်သွန်တင်သွင်းခွင့်ပြုရသည်အထိ ဖြစ်ခဲ့သည်။

S-04


  • VIA